Pages

Monday, October 5, 2015

အင်္ဂါဂြိုဟ်ပေါ်တွင် တွေ့ရှိသည့်ရေကို အနီးကပ်လေ့လာခြင်း မပြုရန် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် စာချုပ်ဖြင့်တားမြစ်ထား


MARS Rover CURIOSITY

ဝါရှင်တန် ၊ ၅-၁၀-၂၀၁၅

ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်က အင်္ဂါဂြိုဟ် ပေါ်တွင် ရေစီးဆင်းလျက် ရှိသည်ကို Curiosity စူးစမ်း လေ့လာရေးယာဉ် က တွေ့ရှိခဲ့ သော်လည်း ၁၉၆၇ ခုနှစ် အပြည်ပြည် ဆိုင်ရာ သဘော တူညီချက် စာချုပ်အရ ၄င်းရေကို Curiosity က အနီးကပ် သွားရောက် စူးစမ်း လေ့လာခွင့် မရှိကြောင်း သိရသည်။

''အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား ဖြစ်စေတဲ့ ဓာတုပစ္စည်း တွေကို တွေ့ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဆားငန်ရေ စီးဆင်းနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်တွေ ရှိ၊ မရှိရာနှုန်းပြည့် အတည်ပြု နိုင်ဖို့ အဲဒီ ဆားပွင့်တွေ၊ ရေတွေကို သိပ္ပံပညာရှင် တွေက ကိုယ်တိုင် ကိုယ်ကျ ကိုင်တွယ် ကြည့်ရှုလေ့လာ ပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂါဂြိုဟ် ပေါ်ကို သုတေသီတွေ သွားပြီး လေ့လာဖို့ ဆိုတာ မဖြစ်နိုင်သေး ပါဘူး။ အဲဒီကို ရောက်နှင့်နေတဲ့ Curiosity စူးစမ်း လေ့လာရေး ယာဉ်ကို လွှတ်ဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ Curiosity ဟာ ကမ္ဘာမြေကနေ အင်္ဂါဂြိုဟ် ပေါ်ကို မိုင်ပေါင်း ၂၂၅ သန်း ထက်မနည်း ဖြတ်သန်း သွားရောက်ခဲ့ ရတာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ Curiosity ရဲ့ ကိုယ်ထည်ပေါ်ကို အမျိုးအမည် မသိတဲ့ မိုက်ခရို ဗက်တီးရီးယား မျိုးစုံ တွယ်ငြိ လိုက်ပါခဲ့နိုင် ပါတယ်။ Curiosity ကို ပိုးသတ် သန့်စင်တာ မလုပ်ဘဲ အဲဒီရေနားကို သွားလို့ မရပါဘူး။ အခု Curiosity ကို ရေရှိတယ်လို့ ယူဆရတဲ့ နေရာနဲ့ ကီလိုမီတာ ၅ဝ အကွာမှာ ရပ်ထားရ ပါတယ် .. '' ဟု နာဆာ သုတေသီ တစ်ဦးက ရှင်းပြသည်။

''အင်္ဂါဂြိုဟ်ပေါ် ရောက်နေတဲ့  Curiosity ကို ပိုးသတ်ဖို့က တစ်နည်းပဲ ရှိပါတယ်။ အလွန် ပြင်းထန်တဲ့ ခရမ်းလွန် ရောင်ခြည်နဲ့ ပက်ဖျန်းပေးဖို့ပါ။ အပြည့်အဝ ပိုးသန့်စင်တာ မလုပ်သေးဘဲ Curiosity ဟာ ရေနားကို သွားခွင့်မရှိပါဘူး '' ဟု ဆွင်းဘန် တက္ကသိုလ် မှ နက္ခတ်ဗေဒ ပညာရှင် အယ်လင်ဒါဖီ က ပြောပြသည်။

အပြည်ပြည် ဆိုင်ရာ ၁၉၆၇ ခုနှစ် အာကာသ ဟင်းလင်းပြင် ဆိုင်ရာ သဘော တူညီချက် စာချုပ်တွင် ကမ္ဘာပြင်ပ အခြားတစ်နေရာ ၌ ရေဓာတ် တွေ့ရှိခဲ့လျှင် ၄င်း ရေဓာတ်ထဲသို့ ကမ္ဘာမှ သက်ရှိဓာတ် ရောက်မသွား စေရေးအတွက် လူကိုဖြစ်စေ၊ စက်ရုပ်ကို ဖြစ်စေ၊ ယာဉ်တစ်မျိုးမျိုး ကိုဖြစ်စေ စေလွှတ်ကာ စူးစမ်း လေ့လာခြင်း မပြုရန် တားမြစ် ထားကြောင်း သိရသည်။

#Yadanarpondaily



No comments:

Post a Comment