Pages

Saturday, October 10, 2015

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ရှိ တည်းခိုခန်းများအားလုံး အောက်တိုဘာ ၂၈ ရက်မှသာ ပြန်လည် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၀-၁၀-၂၀၁၅

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ တည်းခိုခန်းများ အားလုံးကို အောက်တိုဘာ ၂၈ ရက်မှသာ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ယခုအခါ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားရင်ပြင်တော် ပေါ်ရှိ တည်းခိုခန်း များ၏ ၆ဝ ရာခိုင်နှုန်း ခန့်ကိုသာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ကျန် ၄ဝ ရာခိုင်နှုန်းမှာ ဟိုတယ်လိုင်စင် ရရှိသွားပြီ ဖြစ်၍ ပြန်လည် အဆင့်မြှင့်တင်ခြင်းများနှင့် တချို့သော တည်းခိုခန်း များမှာလည်း အကြီးစား ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အဆင့်မြင့် မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည့် ဟိုတယ်နှင့် တည်းခိုခန်းများ အားလုံးကို အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထား၍ အပြီးသတ် ပြင်ဆင် သွားနိုင်ရန် ကြိုးစား လုပ်ဆောင်လျက် ရှိသည်။ သို့သော် အချိန်ကြန့်ကြာ မှုများ ရှိလာနိုင်ခြင်း ကြောင့် နိုဝင်ဘာလသို့ ရောက်မှ ဖွင့်လှစ်နိုင်မည့် တည်းခိုခန်းများလည်း ရှိလာနိုင်ကြောင်း သိရသည်။

''ပြုပြင်စရာ မလိုတဲ့ ဟိုတယ်အများစု ကတော့ ဖွင့်ပါတယ်။ အခု တည်းခိုခန်း ကနေ ဟိုတယ်လိုင်စင် ကျသွားတဲ့ အတွက် အကြီးစား ပြင်ဆင်မှုတွေ လုပ်နေတာပါ။ တချို့ တည်းခိုခန်းတွေ ကျတော့လည်း လာမယ့် ဘုရားဖူး ရာသီမှာ ခရီးသွားများ လာနိုင်လို့ တိုးချဲ့ပြင်ဆင် နေတာတွေ ကြောင့်ပါ။ တောင်ပေါ်မှာ ပြင်ရတာ ဆိုတော့ နည်းနည်း အချိန်ကြန့်ကြာတာ တွေတော့ ရှိပါတယ်'' ဟု ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားရင်ပြင်တော် ဝန်းကျင်ရှိ စားသောက်ဆိုင် များကိုလည်း အောက်တိုဘာလ တတိယပတ်မှသာ ပြန်လည်ဖွင့်လှစ် သွားနိုင်ဖွယ် ရှိကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment