Pages

Tuesday, October 20, 2015

တပ်မတော်စစ်ကြောင်းများနှင့် အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွား



နေပြည်တော် ၊ ၂၀-၁၀-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံကျေးရွာ ၏ အနောက် မြောက်ဘက် ၆ မိုင်ကျော်အကွာ နန့်ပန်ချောင်း ၏ အနောက်ဘက် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများ နယ်မြေ ရှင်းလင်းခြင်းများ
ဆောင်ရွက်စဉ် အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့များနှင့် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော် စစ်ကြောင်းများမှ နယ်မြေ ရှင်းလင်းစဉ် အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့မှ အင်အားစု တချို့အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၈ ရက်နေ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ဝမ်ဟိုင်း ဌာနချုပ်၌သာ အခြေပြု နေထိုင်ရန် သတ်မှတ် ပေးထားခဲ့ သော်လည်း ဝမ်ဟိုင်းဌာနချုပ် မှ တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ဖော်ပြပါ နယ်မြေအတွင်း၌ အခိုင်အမာ စခန်း ဆောက်၍ အခြေပြု နေကြောင်း တွေ့ရှိရ သဖြင့် နယ် မြေ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကို မထိခိုက် စေရေးနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး မူဘောင် ဆွေးနွေးမှုများ မထိခိုက် စေရေး သတ်မှတ် နယ်မြေသို့ ပြန်လည် ဆုတ်ခွာရန်နှင့် ဆုတ်ခွာခြင်း မရှိက ပစ်ခတ်ရမည် ဖြစ်ကြောင်း တပ်မတော်က အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း မူလဝမ်ဟိုင်း ဌာနချုပ် နယ်မြေသို့ ဆုတ်ခွာခြင်း မရှိသည့်အပြင် တပ်မတော် စစ်ကြောင်း များသို့ ပစ်ခတ် လာသဖြင့် တပ်မတော် စစ်ကြောင်းများက ရှင်းလင်း တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ ထိတွေ့ တိုက်ခိုက်မှု ၃၇ ကြိမ် ဖြစ်ပွားခဲ့ကာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၁၅မိနစ်တွင် ၄င်းတို့ အခိုင်အမာ အခြေပြု ထားသော ပွိုင့်-၈၅၈၊ ပွိုင့်-၁၂၈၆ နှင့် ပွိုင့်-၁၃ဝ၉ လွယ်ခူတောင် တောင်ကုန်း များအား သိမ်းပိုက် ရရှိခဲ့သည်။

ထိုသို့ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားနေချိန် အတွင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ အနီး ဝိန်းကောင် ကျေးရွာရှိ တပ်မတော် တပ်ရင်း ဌာနချုပ်သို့လည်း အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့များ နေရာအသီးသီး ဖြန့်ခွဲကာ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် အောက်တိုဘာ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုင် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်း ဌာနချုပ်မှ စစ်သည်များ နှင့် အိမ်ထောင်သည် ရဲမေများ က ပြန်လည်ခုခံ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင့် ၄င်းအဖွဲ့များ ဆုတ်ခွာထွက်ပြေး သွားကြကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၆ ရက်မှ ယနေ့အထိ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့ထံမှ အလောင်း ခုနစ်လောင်း၊ လက်နက်မျိုးစုံ ရှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် မှ အရာရှိ/စစ်သည် တချို့ နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရ သကဲ့သို့ ထိခိုက်ဒဏ်ရာ ရရှိမှုတချို့ ရှိခဲ့ကြောင်းနှင့် နယ်မြေ လုံခြုံရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသခံပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို နှောင့်ယှက် ထိပါးမှုမှ ကာကွယ်နိုင်ရေး နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment