Pages

Monday, October 5, 2015

ဘ၀အိပ်မက် ရည်မှန်းချက်


ဘ၀အိပ်မက် ရည်မှန်းချက်

လူတိုင်းလူတိုင်းတွင် ဘဝအတွက် အိပ်မက်ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိကြသည်။ ထို အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ပေါ်စေရန် ဆောင်ရွက်ကြ ရာတွင် အခက်အခဲ မျိုးစုံ ကြုံတွေ့ရစမြဲ ဖြစ်သည်။ ထို အခက်အခဲ များကို ရင်ဆိုင်၍ အနိုင်ယူ နိုင်သူသည် ၄င်း၏ အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ကြသည်။

ဘဝအိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရာတွင် အချိန်တိုအတွင်း ယှဉ်ပြိုင်ရမှု၊ အချိန်လတ် အတွင်း ယှဉ်ပြိုင်ရမှုနှင့် ရေရှည်ယှဉ်ပြိုင် ရမှုများကို ကြုံတွေ့ကြ ရာတွင် တာတိုတွင် ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ် ဟူသည့် အပြေး အားကစားသမား တို့ထုံး နှလုံးမူ ကြရမည် ဖြစ်သည်။

အချိန်တို အတွင်း ရင်ဆိုင်ဖြေရှင်း ရမည့်ကိစ္စကို လုံ့လဝီရိယ စိုက်ထုတ်၍ စိတ်ရော ကိုယ်ပါ ကြိုးစား ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရနိုင်သည်။ ဥပမာ အားဖြင့် တစ်နှစ်ဟူသော ကာလအတွင်း တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင် လိုပါက ဝီရိယ စိုက်ထုတ်၍ ကြိုးစားပါက အောင်မြင်နိုင်မည် ဖြစ်သည်။

အချိန်လတ် ကာလအတွင်း ရင်ဆိုင်ဖြေရှင်း ရမည့်ကိစ္စကို အဆုံးအဖြတ် ခိုင်ခိုင်မာမာ ချကာ ရင်ဆိုင်ဖြေရှင်း ခြင်းဖြင့် အောင်မြင်မှု ရနိုင်သည်။ ဥပမာ အားဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်၍ တက္ကသိုလ် များ၌ တက်ရောက် ပညာသင်ကြား ရာတွင် မိမိ၏ အိပ်မက်၊ ရည်မှန်းချက်နှင့် ကိုက်ညီသည့် ဘာသာရပ်ကို ရွေးချယ် ဆုံးဖြတ်၍ သင်ယူခြင်းဖြင့် ထို ဘာသာရပ်၌ ထူးချွန် နိုင်သကဲ့သို့ ဘဝအိပ်မက် ရည်မှန်းချက် ကို ပြည့်ဝ စေနိုင်သည်။

အချိန်ရှည် ကာလအတွင်း ရင်ဆိုင်ဖြေရှင်း ရမည့် ကိစ္စကို စိတ်ဓာတ် ခွန်အားဖြင့် ရင်ဆိုင် ဖြေရှင်း၍ အောင်မြင်မှုကို ရယူနိုင်သည်။ ဥပမာ အားဖြင့် မိမိအိပ်မက် ရည်မှန်းချက် လမ်းကြောင်းပေါ် ရောက်နေချိန်တွင် အရှုံးမပေးသော စိတ်ဓာတ်၊ အောင်မြင်ရမည် ဟူသော ခံယူချက်တို့ဖြင့် ဘဝကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့သော လျှပ်စစ်ကို ရှာဖွေတွေ့ ရှိခဲ့သူ မိုက်ကယ ဖာရာဒေး ကဲ့သို့ ကြိုးစားပါက အောင်မြင်မှုကို ရရှိနိုင်သည်။

သို့ဖြစ်ရာ လူတိုင်း ကိုယ်စီ၌ ရှိကြသည့် ဘဝအိပ်မက် ရည်မှန်းချက်ကို ဖော်ဆောင်ရာတွင် မဖြစ်ပေါ် သေးသည့် မကောင်းမှုကို မဖြစ်ပေါ်အောင်၊ ဖြစ်ပြီး မကောင်းမှုကို ဆက်၍ မဖြစ်အောင်၊ မပြုလုပ် ရသေးသည့် ကောင်းမှုကို ဖြစ်ပေါ်လာအောင်၊ ပြုပြီး ကောင်းမှုကို တိုးတက် လာအောင် လုံ့လဝီရိယ များများ၊ အဆုံးအဖြတ် ခိုင်ခိုင်မာမာ၊ စိတ်ဓာတ်ခွန်အား အပြည့်ဖြင့် ကြိုးစား သွားပါက အောင်မြင်မှုကို ရယူနိုင် ပါကြောင်း ရေးသား လိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

No comments:

Post a Comment