Pages

Tuesday, October 20, 2015

နိုင်ငံခြားငွေလက်ခံ ကိုင်ဆောင်ခွင့်လိုင်စင် ပြန်လည်ရုပ်သိမ်းမှုသည် မြန်မာငွေတန်ဖိုး မြင့်တက်စေ၍ အခြေခံလူတန်းစားများ အတွက် အကျိုးဖြစ်စေနိုင်


ရန်ကုန် ၊ ၂၀-၁၀-၂၀၁၅

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင်များ ပြန်လည် ရုပ်သိမ်းမှုသည် မြန်မာငွေ တန်ဖိုးကျဆင်းမှု ပြန်လည် မြင့်တက်ရန် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အခြေခံ လူတန်းစား များအတွက် အကျိုးအမြတ်များ ရရှိမည့် အစီအစဉ် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ဟိုတယ် လုပ်ငန်းရှင် တွေနဲ့ ခရီးသွား လုပ်ငန်း အေဂျင်စီ တွေကိုလည်း နည်းနည်းတော့ ထိခိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းက လူတွေပဲ အဆင်ပြေ နေလို့လည်း ဘာထူးမှာလဲ။ ပြည်တွင်း ကုန်ဈေးနှုန်းက အဆမတန်မြင့် တက်နေတာက မြန်မာငွေဈေး ကျဆင်း တာကြောင့်ပါ။ ဒါကို ကိုင်တွယ်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စီစဉ်တာ ဖြစ်ပါလိမ့်မယ်'' ဟု ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး အဆင့်ရှိသူ တစ်ဦးက သုံးသပ် ပြောသည်။

ပြည်တွင်း၌ အမေရိကန် ဒေါ်လာဈေး မြင့်တက်သွား သောကြောင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ တွက်ခြေကိုက် နေသော်လည်း ပြန်လည် တင်သွင်းကုန် များမှာ အမေရိကန် ဒေါ်လာဈေး မြင့်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေ သဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်။ ယခုအချိန် တွင် ပြည်တွင်း အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း မှာ ၁၂၈၂ ကျပ်ခန့် ရှိနေသည်။ လူသုံးကုန်နှင့် စားသောက်ကုန် များ ဈေးနှုန်းမြင့်တက် နေခြင်းကြောင့် အခြေခံ လူတန်းစား အများစု အတွက် ဝန်ပိစေကာ ထိုသို့ မြန်မာကျပ်ငွေ ခိုင်မာအောင် လုပ်ဆောင်ခြင်း ကို ထောက်ခံကြောင်း ဟိုတယ် လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၄ ဒသမ ၅ သန်းအထိ ဝင်ရောက် လည်ပတ်မည်ဟု ခန့်မှန်းထားပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် မြန်မာနိုင်ငံ အနေဖြင့် မဟာဗျူဟာ ချမှတ် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၂ဝ ပြည့်နှစ်တွင် ခရီးသွား လုပ်ငန်းမှ လုပ်ငန်းများ အားလုံးတွင် ပြည်တွင်း လုပ်သား ၂ သန်းအထိ အလုပ်အကိုင် ပေးနိုင်ရန် မျှော်မှန်း ထားကြောင်း ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျော်မှူးအောင်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment