Pages

Tuesday, October 6, 2015

ထိုင်းနိုင်ငံမှ မြဘုရားကဲ့သို့ ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားလာနိုင်သည့် ဝေရောစန ကျောက်စိမ်း စေတီတော်



အမရပူရ ၊ ၆-၁ဝ-၂ဝ၁၅

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဆင်ရွာ- မြင်းမှူးကျေးရွာ အနီး တည်ထားသော ဝေရောစန ကျောက်စိမ်း စေတီတော်သည် ကမ္ဘာ့ ပထမဆုံး ကျောက်စိမ်း စေတီတော် တစ်ဆူဖြစ်ပြီး ထိုင်းနိုင်ငံမှ မြဘုရား ကဲ့သို့ ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက် ဖူးမြော်ရာ နေရာတစ်ခု ဖြစ်လာ နိုင်ကြောင်း သိရသည်။

အဆိုပါကျောက်စိမ်း စေတီတော် ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် စတင်တည်ထား ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန် ၅ ရက်တွင် တည်ထား ပြီးစီးခဲ့သည်။ စေတီတော် တည်ထားမှုတွင် အုတ်ပါဝင်ခြင်း မရှိဘဲ ဈေးကွက်ဝင် အေ၊ ဘီ၊ စီ၊ ဒီ အဆင့်ရှိ ကျောက်စိမ်း များဖြင့်သာ တည်ဆောက် ထားရာ အရည်အသွေး ကောင်းမွန်သည့် ကျောက်စိမ်း တန် ၁ဝဝဝ ကျော်ကို အလှူရှင် ဦးစိုးနိုင် မိသားစုက ၂၅ နှစ် စုဆောင်းပြီး မှ လှူဒါန်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်း စေတီတော် ၏ အမြင့်မှာ ပန်းတင်ခုံ ၁၂ ပေ၊ ဉာဏ်တော် ၇၅ ပေ ၆ လက်မ၊ ထီးတော် ၇ ပေနှင့် ငှက်ပျောဖူး ၈ ပေ ၆ လက်မရှိပြီး စုစုပေါင်း ၁ဝ၃ ပေ မြင့်မားကာ စေတီတော်တွင် ၂ လက်မ ပတ်လည် ကျောက်စိမ်း ဆင်းတုတော်ပေါင်း သုံးသောင်း၊ မြတ်ဗုဒ္ဓ၏ ဖွားမြင် တော်မူခန်း၊ ပွင့်တော်မူခန်း၊ ဓမ္မစကြာ တရားဦး ဟောတော်မူခန်း၊ ပရိနိဗ္ဗာန် စံတော်မူခန်း၊ ပါရမီတော် ၁ဝ ပါး ကျောက်စိမ်း စာလုံးများ၊ အောင်ခြင်းရှစ်ပါး အောင်တော်မူခန်း၊ ဇာတ်ကြီး ၁ဝ ဘွဲ့ ကျောက်စိမ်း ပန်းချီကားများ၊ ဗုဒ္ဓ ရုပ်ပွားတော် များနှင့် မဟာဗောဓိ ညောင်ပင် ပုံသဏ္ဌာန် များကို မြန်မာမှု အနုပညာလက်ရာ များဖြင့် ဖန်တီး ထုဆစ်ပူဇော် ထားသည်။

''ကျောက်စိမ်း စေတီတော်မြတ် ကြီးကို ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်း ဝင်ဖို့အထိ ရည်ရွယ်ထား ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်ချိန်ကျရင် မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိခဲ့တဲ့ နေရာ ဖြစ်တယ် ဆိုတာကို အခု စေတီတော် မြတ်ကြီးက အခိုင်အမာ ရည်ညွှန်း ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို ကျောက်စိမ်း စေတီတော်မျိုး ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လွဲပြီး ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး။ အခု စေတီတော်မြတ် ကြီးကို ကမ္ဘာ့ ပထမဆုံး ကျောက်စိမ်း စေတီတော် ကြီးလို့ ပြောလို့ ရပါတယ်'' ဟု အလှူရှင် ဦးစိုးနိုင်က ပြောသည်။

ယခုအခါ မြန်မာ့တွင်းထွက် ရတနာ အဖိုးတန် ကျောက်စိမ်း များဖြင့် တည်ထားသည့် ဝေရောစန ဘွဲ့တော် အမည်ရှိ ကျောက်စိမ်း စေတီတော် သို့ နေ့စဉ်ဘုရားဖူး အမြောက်အမြား လာရောက် လေ့လာ ဖူးမြော်လျက် ရှိသည်။ ထို့အပြင် ကျောက်စိမ်း စေတီတော် အနီး၌ ကျောက်စိမ်း ဓမ္မာရုံကို တည်ဆောက် ထားကာ နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ဈေး နှင့် ထူးဆန်းထွေလာ ကျောက်စိမ်းကမ္ဘာ ပြတိုက်တို့ကို ဆက်လက် တည်ဆောက်လျက် ရှိကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment