Pages

Monday, October 19, 2015

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ သုံးပုံတစ်ပုံ လျော့ကျနိုင်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု များနှင့် ကိုယ်ကာယ လေ့ကျင့်ခန်း များသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အခွင့်အလမ်းကို သုံးပုံတစ်ပုံ အထိ လျော့ကျ စေနိုင်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာ ဖောင်ဒေးရှင်း ၏ ရင်သားကင်ဆာ ဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲမှ သိရသည်။ 

တစ်ပတ်လျှင် အမြန် လမ်းလျှောက် လေ့ကျင့်ခန်း အနည်းဆုံး တစ်နာရီ ပြုလုပ်ခြင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၁၈ ရာခိုင်နှုန်း အထိ လျော့ကျ စေနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ကိုယ်ကာယ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း နှင့်အတူ အဝမလွန် စေရန် ပြည့်ဝဆီ အနည်းငယ်မျှသာ စားခြင်းဖြင့် ကျန်းမာရေးကို ကာကွယ်ရာ ရောက်သကဲ့သို့ ကိုယ် အလေးချိန် ကိုလည်း ထိန်းသိမ်းရာ
ရောက်စေကြောင်း သိရသည်။

ရင်သားကင်ဆာ ကို မျိုးရိုးရှိသူ၊ အသက် ၁၂ နှစ် မတိုင်မီ ရာသီစလာသူ၊ အသက် ၅၅ နှစ်နောက်ပိုင်း မှ သွေးဆုံးသူ၊ အမျိုးသမီး ဟော်မုန်း ဆေးများကို ငါးနှစ်အထက် အသုံးပြုသူ၊ အဝလွန်သူနှင့် ဆေးလိပ်သောက်သူ များတွင် ဖြစ်နိုင်ခြေ အခွင့်အလမ်း များကြောင်း သိရသည်။

သို့ဖြစ်၍ အသက်၂ဝ မှစပြီး မိမိရင်သားအား ကိုယ်တိုင်စမ်းသပ် စစ်ဆေးနည်းကို ပြုလုပ်တတ်ရန် လိုကြောင်း သိရသည်။ ဆရာဝန်နှင့် ရင်သားကင်ဆာ စမ်းသပ်မှုကို အသက် ၂ဝ မှ ၃ဝ အရွယ် အမျိုးသမီးတိုင်း သုံးနှစ် တစ်ကြိမ် ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။ အသက် ၄ဝ နှင့်အထက် တွင် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းများ သဖြင့် အသက် ၄ဝ ကျော်ပါက နှစ်စဉ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း သိရသည်။ 

စောစီးစွာ တွေ့ရှိပါက ကုသမှုပိုင်းတွင် အောင်မြင်မှု ပိုမိုများသဖြင့် စမ်းသပ် စစ်ဆေးမှုကို ကြိုတင် ပြုလုပ်ရန် တိုက်တွန်းခြင်း ဖြစ်သည်။

အကယ်၍ မိမိရင်သားတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိလာပါက ဆေးမီးတိုဖြင့် ကုသခြင်းများ မပြုလုပ် သင့်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြင့် ရောဂါပိုမို ဆိုးရွား စေနိုင်ကြောင်း အဆိုပါ ကင်ဆာရောဂါ ဆိုင်ရာ ကျန်းမာရေး ဟောပြော ဆွေးနွေးပွဲမှ သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment