Pages

Tuesday, October 20, 2015

စာမရီ


စာမရီ




အင်္ဂလိပ်- မြန်မာ အဘိဓာန်စာအုပ်တွင် Yak ကို စာမရီ ဟုခေါ်ဝေါ် သည်ကို တွေ့ရှိရသည်။ စာမရီ သည် နွားမျိုးနွယ်စိတ် ၀င် သတ္တ၀ါ ဖြစ်ပြီး တိဗက်ဒေသ တွင် အိမ်မွေးနွား သဖွယ် မွေးမြူလေ့ ရှိသည့်အတွက် တိဗက်နွား ဟုလည်း ခေါ်ဝေါ်ကြသည်။ အထူးသဖြင့် တောင်အာရှ ဒေသအတွင်း ဟိမ၀န္တာဒေသမှ သည် တိဗက် ၊ မွန်ဂိုလီးယား ၊ ရုရှား ၊ အိန္ဒိယ ၊ နီပေါ ၊ ဘူတန်နိုင်ငံ တို့တွင်လည်း စာမရီ တို့ကို တွေ့မြင်ရပါသည်။ စာမရီ မျိုးနွယ်စိတ်မှာ ယနေ့အချိန်တွင် မျိုးသုန်းလုနီးပါး ဖြစ်နေသည့် မျိုးနွယ်စိတ်လည်း ဖြစ်သည်ကို တွေ့ရှိရသည်။

ခန္ဓာဗေဒအချက်အလက်များ

အရွယ်ရောက်လာပြီ ဖြစ်သည့် စာမရီ တစ်ကောင်၏ အရောင်အဆင်းမှာ အနက်ရောင် သို့မဟုတ် အညိုရင့်ရောင် ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများမှာ နူးညံ့ပြီး ရှည်လျားသည်။ အထူးသဖြင့် အမြီး ၊ ခြေထောက် နှင့် ခန္ဓာကိုယ် အောက်ပိုင်းရှိ အမွေးများမှာ ပို၍ ရှည်လျားပြီး မြေကြီး၌ပင် တရွတ်ဆွဲလျက် ရှိသည်ကို တွေ့ရသည်။ စာမရီ အထီးနှင့် အမ နှစ်ကောင် စလုံးတွင် ဦးချိုများ ရှိကြသည်။ ရန်သူနှင့် တွေ့၍ မလွှဲမရှောင် သာသည့်အခါ ၄င်းဦးချိုများနှင့် တစ်ဟုန်ထိုး တိုက်ခိုက် တတ်သည်။

ထို့ကြောင့် စာမရီများကို ဖမ်းဆီးရန်မှာ ဘေးအန္တရာယ် အလွန်များလှသည်။ အရွယ်ရောက် လာပြီဖြစ်သည့် စာမရီ အထီးတစ်ကောင် ၏ ခန္ဓာကိုယ် အမြင့်မှာ ၁ ဒသမ ၆ မီတာ မှ ၂ ဒသမ ၂ မီတာ ( ၅ ဒသမ ၂ ပေ မှ ၇ ဒသမ ၂ ပေ ) မြင့်မားသည်။ ထို့အပြင် ခန္ဓာကိုယ် အလေးချိန်မှာလည်း ၃၀၅ ကီလိုမှ ကီလို ၁၀၀၀ အထိ ( ၆၇၂ ပေါင် မှ ၂၂၀၅ ပေါင်ထိ ) ရှိသည်။ ခန္ဓာကိုယ် အလျားမှာ ဦးခေါင်းမှ နောက်ကျော အထိ (အမြီးမပါ) ၂ ဒသမ ၅ မီတာ မှ ၃ ဒသမ ၃ မီတာ ( ၈ ဒသမ ၂ ပေမှ ၁၁ ပေ အထိ ) ရှိသည်။ အမြီး၏ အရှည်မှာ ၆၀ စင်တီမီတာ မှ ၁၀၀ စင်တီမီတာ ထိ ( ၂၄ လက်မှ မှ ၃၉ လက်မအထိ ) ရှိသည်။ စာမရီ အမ တစ်ကောင်၏ ခန္ဓာကိုယ် အရပ်အမြင့် ၊ ကိုယ် အလေးချိန် စသည်တို့မှာ အထီးနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံ ခန့်မျှသာ ရှိသည်။

တိဗက်ဒေသတွင်မူ စာမရီ တို့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကပင် မွေးမြူလာခဲ့ ကြသည်။ ၄င်းဒေသတွင် လူသားများနှင့် ရင်းနှီးနေပြီ ဖြစ်သည့် စာမရီ များကို ၀န်တင် တိရစ္ဆာန်အဖြစ် အသုံးပြု ကြသည်။ စာမရီ နို့ရည်ကို ထောပတ် ချက်လုပ်သလို အမွေးကိုလည်း ကြိုးကျစ် သုံးစွဲလေ့ ရှိကြသည်။ အမွေးများသည့် အမြီးကိုမူ အနီရောင် ဆေးဆိုးပြီး ပွဲလမ်းသဘင် များတွင် သားမြီးယပ် အဖြစ် အသုံးပြုတတ် ကြသည်။

အပြုအမူ နှင့် ဓလေ့စရိုက်များ

စာမရီ များကို တိဗက်ဒေသ မြောက်ပိုင်းတွင် အိမ်မွေးနွားသဖွယ် မွေးမြူလျက် ရှိကြသည့်အတွက် ၄င်းဒေသတွင် စာမရီများကို မျိုးဆက် ထိန်းသိမ်းခြင်း တစ်ခုအနေဖြင့် တွေ့ရှိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံ တို့တွင်လည်း ကောင်ရေ အနည်းငယ်မျှအဖြစ် တွေ့မြင်ရသည်။ အထူးသဖြင့် ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၃၀၀၀ မှ ၅၅၀၀ မီတာ ( ၉၈၀၀ ပေမှ ပေ ၁၈၀၀၀ ) အတွင်းရှိသည့် တောင်တန်း ဒေသများတွင် ကျင်လည် ကျက်စားလေ့ ရှိသည်။ စာမရီ များသည် ခန္ဓာကိုယ် အလေးချိန်နှင့် လိုက်ဖက်မှု မရှိဘဲ လှုပ်ရှားရာတွင် လျင်မြန်ပေါ့ပါး သည်ကို တွေ့ရှိရသည်။ ရေခဲနေသော တောင်စောင်းများတွင် ခန္ဓာကိုယ်ကို လျှောချဆင်းနိုင် သကဲ့သို့ ရေစီးသန်သည့် မြစ်ကိုလည်း ဖြတ်ကူးနိုင်ကြသည်။ ထို့အပြင် မတ်စောက်သည့် တောင်စောင်း များကိုလည်း ပြေးတက် နိုင်ကြသည်။

မျိုးဆက်ပြန့်ပွားမှု

နွားမျိုးစိတ်ဝင် ဖြစ်သည့်အတွက် စာမရီ တို့သည်လည်း သားပေါက်ရာသီ ဟူ၍ သီးသန့် မရှိပေ။ အထူးသဖြင့် မျိုးဆက်ပြန့်ပွား ခြင်းမှာလည်း ဒေသ၏ ပတ်ဝန်းကျင် အခြေအနေပေါ် တွင်လည်း မူတည်သည်။ သန္ဓေသား လွယ်ထားရသည့် စာမရီ အမတစ်ကောင်သည် ၄င်း၏ သန္ဓေသား လောင်းအား ရက်ပေါင်း ၂၅၇ ရက်မှ ၂၇၀ ရက်ကြားအတွင်း ထိန်းသိမ်း စောင့်ရှောက် ရပြီး ပုံမှန်အားဖြင့် တစ်ကောင်တည်းသာ မွေးဖွားလေ့ ရှိသည်။ မွေးဖွားလာသည့် စာမရီ လေးအား ၃ နှစ် သို့မဟုတ် ၄ နှစ်အထိ ထိန်းသိမ်း စောင့်ရှောက်မှု ပေးထားသည်။ ယင်းနောက်တွင် ၄င်း စာမရီ လေးသည်လည်း မိမိဝမ်းရေး ကို မိမိဘာသာ မိမိရှာဖွေ စားသောက် ကြရသည်။ စာမရီများ၏ အစားအစာ မှာလည်း နွားမျိုးနွယ်စိတ်များ စားသုံးသည့် အစားအစာ များပင် ဖြစ်သည်။





ထိန်းသိမ်း စောင့်ရှောက်မှု အခြေအနေ

နီပေါ ၊ မွန်ဂိုလီးယား နိုင်ငံများနှင့် တိဗက်ဒေသတို့တွင် စာမရီများကို အိမ်မွေး တိရစ္ဆန်များ သဖွယ် မွေးမြူလာခဲ့ကြ သည့်အတွက် မျိုးဆက် ပျက်သုန်းမှု မရှိသေးသည်ကို တွေ့မြင်ရသည်။ သို့သော် ရုရှားနိုင်ငံ တွင်မူ စာမရီ မျိုးစိတ် ပျက်သုန်း သွားသည်ဟု ဆိုရမလောက် ရှိနေသည်ကို တွေ့ရသည်။ အပြည်ပြည် ဆိုင်ရာ သဘာဝ သယံဇာတ အရင်းအမြစ်များ ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အဖွဲ့အစည်း (IUCN) မှ ထုတ်ပြန်သည့် မျိုးသုန်း ရှားပါးလု မျိုးနွယ်စိတ် စာရင်းတွင် စာမရီ မျိုးနွယ်စိတ် လည်း ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စာမရီ မျိုးနွယ်စိတ်များ မျိုးဆက်ပျက်သုန်းမှု မရှိစေရေး ၀ိုင်းဝန်း ထိန်းသိမ်းသင့် ပါကြောင်း ရေးသားလိုက်ရ ပါသည်။

ရဲမာန်ခ

မြ၀တီစာပေတိုက် ၏ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ထုတ် (၆၃)နှစ်မြောက် နှစ်ပတ်လည် အထူးထုတ် မဂ္ဂဇင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍမှ

No comments:

Post a Comment