Pages

Friday, September 4, 2015

ရန်ကုန်မြို့သမိုင်းကြောင်း လေ့လာလိုသည့် ပြည်တွင်းပြည်ပ တက္ကသိုလ်ကျောင်းသား များအား YHT အဖွဲ့မှ လိုက်လံပို့ဆောင် ပေးလျက်ရှိ



ရန်ကုန် ၊ ၄-၉-၂၀၁၅

ပြည်တွင်း ပြည်ပရှိ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို လေ့လာလိုပါက ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) မှ လိုက်ပါပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

''ကျောင်းတွေက ဆက်သွယ်လာရင် ညှိနှိုင်းပြီး ရန်ကုန်မြို့တွင်း လိုက်ပါ ပို့ဆောင်ရှင်းပြ တာတွေ လုပ်ပေးပါတယ်။ အသေးစိတ် ကိုတော့ လာရောက် ညှိနှိုင်းချက် တွေအပေါ် မူတည်ပြီး လူဦးရေ၊ နေ့ရက် စတာတွေ ကိုကြည့်ပြီး ဆုံးဖြတ် သွားမှာပါ'' ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မန်နေဂျာ မရွှေယင်းမာဦး က ပြောသည်။

သမဝါယမ တက္ကသိုလ် (သန်လျင်) ၏ မြို့ပြ စီးပွားရေး ဌာနမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂ ဦး ပါဝင်သော အဖွဲ့သည် YHT ရုံးခန်းသို့ လာရောက် လေ့လာခြင်း၊ ရန်ကုန်မြို့လယ် ဆူးလေနှင့် ပန်းဆိုးတန်း တစ်ဝိုက်ရှိ မြို့ပြ အမွေအနှစ် အဆောက်အအုံ များအား YHT ဧည့်လမ်းညွှန် များနှင့်အတူ လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ခြင်းများကို လုပ်ဆောင် ခဲ့သည်။

တခြား တက္ကသိုလ်များမှ လာရောက် လေ့လာလို ပါကလည်း လက်ခံ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့လာရေး ခရီးစဉ်သည် ပြည်တွင်း တက္ကသိုလ် များအနက် ပထမဦးဆုံး အကြိမ်လာရောက် သော ခရီးစဉ် ဖြစ်သော်လည်း ပြည်ပ တက္ကသိုလ်များမှ လာရောက် လေ့လာမှု များစွာရှိခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့တွင်း လမ်းလျှောက် လေ့လာရေး ခရီးစဉ် စိတ်ဝင်စား သူများမှ ပထမဆုံး စာရင်းပေး သွင်းသူ ၃ဝ ဦးကို ရွေးချယ်ကာ YHT မှ လစဉ်ပို့ဆောင် ပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) ကို ၂ဝ၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး တို့တွင် အစိုးရ အဖွဲ့အစည်းများ၊ တခြား လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment