Pages

Friday, September 11, 2015

မော်တော်ယာဉ်များ၏ နောက်ဘက်တွင် LED ဆိုင်းဘုတ်များ တပ်ဆင်ခြင်း နှင့် ခရီးသည်တင်ယာဉ် များ၏ နောက်ဘက်တွင် ကြော်ငြာ တပ်ဆင်ခြင်းများကို တားမြစ်



ရန်ကုန် ၊ ၁၁-၉-၂၀၁၅

မော်တော်ယာဉ် များ၏ နောက်ဘက်တွင် LED  ကြော်ငြာ ဆိုင်းဘုတ်များ တပ်ဆင်ခြင်း နှင့် ခရီးသည်တင် ယာဉ်များ၏ နောက်ဘက်တွင် ကြော်ငြာ စတေကာ တပ်ဆင်ခြင်း များကို ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို) ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။

မော်တော်ယာဉ် များ၏ နောက်ပိုင်းတွင် LED များ တပ်ဆင်ထား သဖြင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှုများ ဖြစ်ပွားနိုင်ကာ အများပြည်သူ အန္တရာယ် ဖြစ်စေနိုင် သဖြင့် LED တပ်ဆင်သည့် ကိုယ်ပိုင်ယာဉ်၊ လိုင်းကားနှင့် City Taxi စသည့် မည်သည့်ယာဉ် ကိုမဆို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ LED တပ်ဆင်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၈ ရက်မှ စတင်ကာ LED တပ်ဆင်ထားသော ယာဉ်များကို အရေးယူ သွားရန် စာထွက်ရှိ ထားပြီးဖြစ်၍ စက်တင်ဘာ ၉ ရက်တွင် ယာဉ်လိုင်းများ အစည်းအဝေး လုပ်ကာ ဖမ်းဆီးမှုများ စတင်မည် ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ မ-ထ-သ (ဗဟို) အနေဖြင့် မိမိတို့ လက်အောက်ရှိ LED တပ်ဆင်ထားသော City Taxi များကို ဖမ်းဆီးမည် ဖြစ်ပြီး တွေ့ရှိပါက အငှားယာဉ် မှတ်ပုံတင်မှ ဖျက်သိမ်း သွားမည် ဖြစ်သည်။ အငှားယာဉ် မှတ်ပုံတင် ဖျက်သိမ်းခံ ရသောယာဉ်အား ဆက်လက် ပြေးဆွဲပါက ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖမ်းဆီး အပြစ်ပေးခြင်းကို ထပ်မံခံရမည် ဖြစ်သည်။

မ-ထ-သ (ဗဟို) အောက်ရှိ City Taxi မှတ်ပုံတင် ထားသော မော်တော်ယာဉ်လိုင်း မှာ ခြောက်သောင်းကျော် ရှိကြောင်း၊ မှတ်ပုံတင် မထားသော ယာဉ်များကိုလည်း City Taxi မှတ်ပုံတင် မထားမှုနှင့် LED တပ်ဆင်မှု ဟူ၍ ပြစ်ဒဏ်နှစ်ခုဖြင့် ယာဉ်ထိန်းဌာနမှ စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ယာဉ်နောက်ပိုင်းရှိ LED ကြော်ငြာမှစာ များကို ဖတ်ရှုကြည့် ရာမှ ယာဉ်မောင်းရာတွင် သတိလက်လွတ် ဖြစ်ပြီး ယာဉ်တိုက်မှုများ ဖြစ်စေတတ် သဖြင့် ယခုအခါ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှု အနေဖြင့် ယာဉ်များတွင် LED တပ်ဆင်မှုကို စတင် စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment