Pages

Monday, September 7, 2015

နွားထိုးကြီးမြို့နယ် မှ ထွက်ရှိသည့် အင်ကြင်းကျောက်များ အာဆီယံဈေးကွက် အထိ အရောင်းအ၀ယ် ကောင်းလာ



နွားထိုးကြီး ၊ ၇-၉-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ်အတွင်းမှ ထွက်ရှိသည့် မြန်မာ့ အင်ကြင်းကျောက် များကို အရှေ့တောင် အာရှဒေသ များမှ ခရီးသွား ဧည့်သည်များ အဓိက ကြိုက်နှစ်သက် ကြပြီး ယခင်ကထက် အော်ဒါမှာယူမှု ပိုများလာကြောင်း အင်ကြင်းကျောက် အရောင်းအဝယ် ပြုလုပ်သူများ ထံမှ သိရသည်။

နွားထိုးကြီး မြို့နယ်မှာ မြန်မာနိုင်ငံ၏ အင်ကြင်းကျောက် ထွက်ရှိသည့် နေရာဒေသ များထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ယခင်က လမ်းပန်း ဆက်သွယ်ရေး နှင့် ခရီးသွား ဝင်ရောက်မှု နည်းပါးခြင်း ကြောင့် အင်ကြင်းကျောက် များမှာ အရောင်းအဝယ် အေးစက်ခဲ့ခြင်း ဖြစ်သည်။

''အခုနောက်ပိုင်း မှာတော့ ခရီးလမ်းသာပြီး ပြည်ပ ဧည့်သည်ပါ အဝင်များ လာတဲ့အတွက် ဈေးကွက်ပြန်လည် ကောင်းမွန် လာပါတယ်။ အရင်ကထက် နှစ်ဆလောက် ရောင်းနေရ ပါတယ်''ဟု နွားထိုးကြီး မြို့နယ်မှ အင်ကြင်းကျောက် ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

အင်ကြင်းကျောက် များကို ဘုရားဆင်းတု တော်နှင့် တခြား ရုပ်တုများ သာမက အိမ်အလှ ဆင်ခြင်း၊ လူ့ အသုံးအဆောင် ပစ္စည်းနှင့် လက်ဝတ် ရတနာအဖြစ် ဝတ်ဆင်ခြင်းများ အပြင် ပန်းပု ထုလုပ်သည့် နေရာတွင် အသုံးများပြီး ဝယ်ယူသူများ အနေဖြင့် မိမိ ကြိုက်နှစ်သက်သော ပုံသဏ္ဌာန်ကို အော်ဒါ မှာယူလေ့ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အင်ကြင်းကျောက် ကို နွားထိုးကြီး မြို့နယ် အပါအဝင် မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး စသည့် ဒေသများ၌ ထွက်ရှိပြီး တချို့ အင်ကြင်းကျောက် များမှာ ပင်စည်ကြီးများ အလိုက် ဖြစ်ပေါ် နေသည်ဟု ကျောက်ကုန်သည် များက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ၏ အင်ကြင်းကျောက် ဈေးကွက် အတွင်း သက်တမ်း၊ အရည်အသွေး နှင့် ကျောက် ဖွဲ့စည်းပုံ အရ အဆင့် (၄)ဆင့် ခွဲခြား ထားကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment