Pages

Thursday, September 10, 2015

မြန်မာ့ကမ်းဝေး ငါးဖမ်းသင်္ဘောများကို ရေနက်ပိုင်းအထိ သွားရောက်ဖမ်းဆီး ကြရန် တိုက်တွန်း



ရန်ကုန် ၊ ၁ဝ-၉-၂ဝ၁၅

မြန်မာ့ ပင်လယ်ပြင်မှ ငါးသယံဇာတ များကို ထိန်းသိမ်းသည့် အနေဖြင့် မြန်မာ့ကမ်းဝေး ငါးဖမ်းသင်္ဘော များအား မြန်မာ့ ရေပိုင်နက် အတွင်းရှိ ရေနက်ပိုင်း များတွင် သွားရောက် ဖမ်းဆီးကြရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန မှ တိုက်တွန်း ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိ မြန်မာ့ ပင်လယ်ပြင်၌ လုပ်ကိုင် ဆောင်ရွက် နေကြသည့် ကမ်းဝေးငါးဖမ်း သဘောင်္ အများစုမှာ ကမ်းဝေးဟု ဆိုသော်လည်း သစ်သား ကိုယ်ထည်များသာ ဖြစ်နေသဖြင့် မြန်မာ့ ပင်လယ်ပြင် ၏ ရေနက်ပိုင်း နေရာများသို့ သွားရောက် ငါးဖမ်းနိုင်ခြင်း မရှိဘဲ ကမ်းနီးရေတိမ်ပိုင်း နေရာများ၌သာ ငါးဖမ်းဆီးမှု ပြုလုပ်နေကြောင်း၊ ထို့အပြင် ငါးဖမ်း နည်းစနစ်မှာလည်း တရွတ်ဆွဲ ငါးဖမ်းနည်း စနစ်ကိုသာ အသုံးပြုလုပ်ကိုင် ဆောင်ရွက် နေကြကြောင်း သိရသည်။

အဆိုပါ အခြေအနေ များမှာ ငါးသယံဇာတ ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေသဖြင့် မြန်မာ့ကမ်းဝေး ငါးဖမ်းသင်္ဘော များကို သံထည် သင်္ဘောများ ပြောင်းလဲ တည်ဆောက်ပြီး မြန်မာ့ ပင်လယ်ပြင်၏ ရေနက်ပိုင်း နေရာများ အထိ သွားရောက် ငါးဖမ်းကြရန် ငါးလုပ်ငန်း ဦးစီးဌာနမှ တိုက်တွန်း ထားခြင်း ဖြစ်သည်။

သို့သော် သံကိုယ်ထည် အဖြစ် ပြောင်းလဲ လုပ်ကိုင် ဆောင်ရွက်ရန် အရင်းအနှီး ကုန်ကျမှု များပြားနေသဖြင့် လက်ရှိမြန်မာ့ ကမ်းဝေး ငါးဖမ်းသင်္ဘော များတွင် သံကိုယ်ထည် အသုံးပြု လုပ်ကိုင် ဆောင်ရွက်နေသည့် ကမ်းဝေး ငါးဖမ်းသင်္ဘော အရေအတွက်မှာ ၁ဝ ရာခိုင်နှုန်း ဝန်းကျင်မျှပင် မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကမ်းဝေး ငါးဖမ်းသင်္ဘော အစင်းရေ စုစုပေါင်း ၂၆ဝဝ ကျော်ရှိသည်။ လက်ရှိတွင် မြန်မာ့ ပင်လယ်ပြင်မှ ငါး၊ ပုစွန် ဖမ်းဆီးရမိမှု နည်းပါးနေသဖြင့် မြန်မာ့ ရေထွက်ကုန် ထုတ်လုပ်နိုင်မှုပမာဏ မှာလည်း ကျဆင်း လာခဲ့သည်။ ထို့အပြင် ပြည်တွင်း စားသုံးသူ ဈေးကွက်၏ ဝယ်လိုအား မှာလည်း မြင့်တက် လာခဲ့သောကြောင့် မြန်မာ့ ရေထွက်ကုန် ပစ္စည်း ပြည်ပတင်ပို့မှု ကဏ္ဍမှာလည်း ကျဆင်းမှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ကြောင်း သိရသည်။ (ဇာညီသစ္စာ)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment