Pages

Friday, September 11, 2015

မိတ္ထီလာကန် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်းများစတင်မည်


ရန်ကုန် ၊ ၁၁-၉-၂ဝ၁၅

ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံ စီမံအုပ်ချုပ်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် မြန်မာနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာကို ၂ဝ၁၃ ခုနှစ်က လက်မှတ်ရေးထိုး ခဲ့ကြသည်။

အဆိုပါ နားလည်မှု စာချွန်လွှာတွင် မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အပါအဝင် စီမံကိန်း ခြောက်ခု အကောင် အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီ ခဲ့ရာ ယခုအခါ အဆိုပါ စီမံကိန်းများကို ၂ဝ၁၆ ခုနှစ်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့ နေရသည့် မိတ္ထီလာကန် ၏ ပြဿနာရပ် များနှင့် ယင်းကိစ္စများကို ဖြေရှင်း ပေးနိုင်မည့် နည်းလမ်းများအား စုပေါင်းဖော်ထုတ် အဖြေရှာရန် လိုအပ်သည်။ မိတ္ထီလာကန် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသည် မြန်မာနှင့် နယ်သာလန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် ဘက်စုံ ရေသယံဇာတ စီမံအုပ်ချုပ်မှု မဟာဗျူဟာ လေ့လာရေး ဖြစ်သည့် စီမံကိန်း ခြောက်ခုအနက် တစ်ခု အပါအဝင် ဖြစ်ပြီး အမျိုးသား ရေအရင်းအမြစ် ကော်မတီ၏ ရေသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ အနက် တစ်ခုဖြစ်သည်။

အဆိုပါ စီမံကိန်းကို ရေဝေရေလဲ ဒေသ စီမံအုပ်ချုပ်မှု စနစ် တိုးတက်ဖွံ့ဖြိုးရန် ဌာနဆိုင်ရာ များနှင့် ပြည်သူများ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားရန် ရေ အရည်အသွေး ထိန်းချုပ်ခြင်းနှင့် ရေထု ညစ်ညမ်းမှုကို ကာကွယ်ရန် စိုက်ပျိုးရေး လုပ်ငန်းများ အတွက် ရေအလုံအလောက် ပံ့ပိုးပေးရန်၊ ကျေးလက်မြို့ပြ သောက်သုံးရေ ဖူလုံရန်နှင့် ကန်အတွင်း နုန်းအနည် ကျမှုများကို လျှော့ချရန် အဓိက ရည်ရွယ် ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် မိတ္ထီလာမြို့နယ် ကန်တော်မင်္ဂလာ ခန်းမ၌ မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကနဦး အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နယ်သာလန် နိုင်ငံမှ ရေသယံဇာတ ကျွမ်းကျင် ပညာရှင်များနှင့် တက်ရောက် ကြသည့် ကိုယ်စားလှယ် များအကြား အပြန်အလှန် ဆွေးနွေးချက်များ အရ မိတ္ထီလာကန်အား စီမံကိန်း ဧရိယာအဖြစ် ရွေးချယ်ခြင်းမှာ မိတ္ထီလာကန်ရေ ရေဝေရေလဲ နယ်နိမိတ် များကို ခြုံငုံမိခြင်း၊ စီမံကိန်းမှပံ့ပိုးမည့် ရန်ပုံငွေနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ဧရိယာ အကျယ်အဝန်း ဖြစ်ခြင်း၊ အကျိုးဆက်စပ် သူများ၏ လိုအပ်ချက် များကို ပြည့်စုံအောင် ဆောင်ရွက်နိုင်မည့် အခြေအနေ ရှိခြင်းများ ကြောင့်ဖြစ်သည်။

ထို့အပြင် ယာစနစ်နှင့် ကိုက်ညီသော ရေဝေရေလဲ ထိန်းသိမ်းရေး လုပ်ငန်း အစီအစဉ် များလည်း ဆောင်ရွက်ရန်ရှိပြီး စီမံကိန်း ဆောင်ရွက်မည့် ဧရိယာနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဆွေးနွေး ရွေးချယ်မှုပြု နိုင်ကြောင်း၊ ရေဝေရေလဲ ဒေသများတွင် အကျိုးရှိသည့် အပင်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူ များ၏ အသက်မွေး ဝမ်းကျောင်းမှုကို ပံ့ပိုးနိုင်မည့် အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်ရန်နှင့် ယင်းအတွက် နယ်သာလန် အစိုးရ အပါအဝင် နယ်သာလန် နိုင်ငံရှိ NGO များ၊ ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်၍ ယင်း စီမံကိန်းတွင် ထည့်သွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment