Pages

Wednesday, September 2, 2015

တက္ကသိုလ် ကောလိပ်သိပ္ပံများတွင် ရူပဗေဒဘာသာရပ်ကို ကွန်ပျူတာအခြေခံ နှင့် လက်တွေ့ စမ်းသပ်မှုများကို လာမည့် ခြောက်လခန့်အတွင်း သင်ကြားနိုင်မည်


တက္ကသိုလ်လက်တွေ့ စမ်းသပ်ခန်းတွင် သင်ကြားနေမှုအား တွေ့ရစဉ်

ရန်ကုန် ၊ ၂-၉-၂၀၁၅

မြန်မာနိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ် ကောလိပ် သိပ္ပံများတွင် ရူပဗေဒဘာသာ သင်ကြားရာ၌ ကွန်ပျူတာ အခြေခံနှင့် လက်တွေ့ စမ်းသပ်မှု များအား လာမည့် ခြောက်လခန့် တွင် သင်ကြား နိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း ရန်ကုန် တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ မိုးကောင်း ၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် တက္ကသိုလ်ကြီး များဖြစ်သည့် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် တို့တွင်သာ ရူပဗေဒ ထူးချွန် ကျောင်းသား များကို ကွန်ပျူတာ အခြေခံနှင့် လက်တွေ့ စမ်းသပ်မှုများ သင်နိုင်ပြီး နယ် တက္ကသိုလ် များတွင် အနည်းငယ် အားနည်းနေပြီး မသင်နိုင် သေးကြောင်း သိရသည်။

''ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် မှာ တက္ကသိုလ် ဝင်တန်း ကတည်းက ရူပဗေဒကို အမှတ်များများ ရပြီး ရူပဗေဒ မှာလည်း ဝါသနာပါတဲ့ ထူးချွန် ကျောင်းသားတွေ အနေနဲ့ ကွန်ပျူတာ အခြေခံနဲ့ လက်တွေ့ စမ်းသပ်မှု တွေကို သင်ယူ နိုင်ပါတယ်။ ဒါပေမဲ့ နယ်တက္ကသိုလ် တွေမှာ နည်းနည်း အားနည်း နေတယ်။ မသင်နိုင် သေးဘူး။ အဓိက ကတော့ နှစ်ပိုင်းရှိတယ်။ Material ပိုင်းနဲ့ လူအပိုင်းပေါ့။ Material ပိုင်းကတော့ ကွန်ပျူတာနဲ့ ပတ်သက် တာတွေ စုဆောင်းဝယ်ယူ ရမှာဖြစ်ပြီး လူအပိုင်းက ဆရာ၊ ဆရာမ တွေကို အရည်အသွေး မြှင့်ရမယ်'' ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ် ကောလိပ်သိပ္ပံ များတွင် ကွန်ပျူတာ အခြေခံ၍ သင်ကြားနိုင်ရန် Material ပိုင်းအားဖြင့် ကွန်ပျူတာနှင့် ပတ်သက်သော လက်တွေ့ ကိရိယာများကို စုဆောင်းဝယ်ယူ ရမည် ဖြစ်ပြီး ဆရာ၊ ဆရာမများ ကိုလည်း အရည်အသွေး မြှင့်တင် ပေးရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆရာ၊ ဆရာမများကို အရည်အသွေး မြှင့်တင်ပေး ရာတွင် ဆရာ၊ ဆရာမ များသည် အခြေခံ အရည်အချင်း ပြည့်စုံသူများ ဖြစ်သောကြောင့် လေးလ၊ ငါးလအတွင်း စွမ်းရည်မြှင့်တင် နိုင်မည် ဖြစ်သည်။ ထို့အပြင်ပညာရေးဝန်ကြီး ဌာနမှလည်း ကွန်ပျူတာ အခြေခံနှင့် ပတ်သက်သော လက်တွေ့ ကိရိယာ အများအပြားကို ဝယ်ယူပံ့ပိုး ပေးခြင်းကြောင့် ခြောက်လခန့် အတွင်း သင်ကြား နိုင်မည်ဟု မျှော်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment