Pages

Friday, September 18, 2015

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်များ အောင်မြင်စွာပျံသန်းနိုင်ပြီ ဖြစ်၍ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက်ပြသွား နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၈-၉-၂၀၁၅

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မှ အောင်မြင်စွာ သုတေသနပြု ပျံသန်း နိုင်ခဲ့ပြီဖြစ် သဖြင့် အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုကာ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီမံဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသန အဖွဲ့၏ သတင်းများ အရ သိရသည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ၊ မောင်းသူမဲ့လေယာဉ် သုတေသနအဖွဲ့မှ သုတေသနပြု လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ သုံးလခန့်ကြာမြင့် ချိန်တွင် အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မောင်းသူမဲ့ လေယာဉ် သုတေသနဌာန အနေဖြင့် ပြေးလမ်းသုံး မောင်းသူမဲ့ လေယာဉ်၊ လက်ပစ်မောင်းသူမဲ့ လေယာဉ်၊ ပန်ကာ လေးလုံးတပ် မောင်းသူမဲ့ လေယာဉ်နှင့် ပန်ကာ ရှစ်လုံးတပ် မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့သည်။ 

ထို့ကြောင့် လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီး အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ် များကို အများပြည်သူနှင့် နိုင်ငံတော် အကျိုးပြု လုပ်ငန်းများတွင် အသုံပြု သွားမည် ဖြစ်သည်။

အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ကမ်းရိုးတန်း တစ်လျှောက် အခြေအနေများကို လှည့်လည်ကြည့်ရှု သည့်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် အသုံးပြု လုပ်ကိုင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ထို့ပြင် အန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် လုံခြုံရေး အတွက် စောင့်ကြည့်သည့် လုပ်ငန်း များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့် ကလေးမြို့ ဒေသရှိ မြစ်သာမြစ်၊ မဏိပူရ မြစ်နှင့် နေရဉ္စရာမြစ် များ၏ မြစ်ကြောင်း ပြောင်းလဲမှု အခြေအနေ များကို မောင်းသူမဲ့ လေယာဉ်ငယ် များဖြင့် ကောင်းကင် ဓာတ်ပုံရိုက်ကာ အကျိုးပြု မြေပုံများ ထုတ်လုပ် ဖြန့်ဝေရန် စီမံဆောင်ရွက် လျက်ရှိသည်။ အဆိုပါ အကျိုးပြု မြေပုံများ ထုတ်လုပ်မှု လုပ်ငန်းကို မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်များ နှင့် အခြား RS/ GIS အဖွဲ့အစည်း များဖြင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ် အမျိုးအစားများမှာ သုည ဒသမ ၈ ကီလိုဂရမ် အလေးချိန်ထိ သယ်ယူ ပျံသန်းနိုင်ပြီး တစ်စက္ကန့်လျှင် ဓာတ်ပုံ တစ်ပုံနှုန်း ရိုက်ကူးထုတ်လုပ် ပေးနိုင်ကြောင်း သိရသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များမှာ အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်ရသည့် လေယာဉ်များ ဖြစ်သည်။

ယခုအခါ ပြည်ပဈေးကွက် များမှ ဝယ်ယူကာ အပျော်တမ်း ပျံသန်းမှုများ ရှိနေသဖြင့် အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေး နှင့် ထိန်းချုပ်နိုင်ရေး အတွက် အပျော်တမ်း မောင်းသူမဲ့  လေယာဉ် ရှိသူများ အနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနသို့ လာရောက် စာရင်း ပေးသွင်းရန် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ ပျံသန်းရန် နေရာသတ်မှတ် ပေးရန်စီမံ ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

#Yadanarpondaily

No comments:

Post a Comment