Pages

Wednesday, August 26, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( ICRC ) မှ ဌာနေကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် 
Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၆-၈-၂၀၁၅

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )သည် တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်ထားပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကြက်ခြေနီလုပ်ငန်းနှင့် ပတ်သက်သည်များ လာရောက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းအဖြစ် လက်ခံ ထားပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဆောင်ရွက်နိုင်သည့် နယ်ပယ်အတွင်း ICRC နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC )မှ ဌာနေ ကိုယ်စားလှယ် Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ပူးတွဲတာဝန်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ဌာနေကိုယ်စားလှယ် Mr. Jurg Montani နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Jurg Montani က ICRC အနေဖြင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုတွင် ရခိုင်ဒေသ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင်ရှိသော ဒေသခံများ၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား လွန်ခဲ့သည့် နှစ် ၁၅၀ ကျော် အတွေ့အကြုံပေါ်မူတည်ပြီး အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ပေးနေမှု၊ လူသားချင်း စာနာထောက်ထားမှုဖြင့် မိုင်းရှင်းလင်းရေး ကိစ္စများ ဆောင်ရွက်ပေးနေမှု၊ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အခြား လိုအပ်သည့်ကိစ္စများ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ် ရေကြီးမှုဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်လည်း ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အင်နှင့်အားနှင့် ဖြည့်ဆည်းလုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သား များအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသကဲ့သို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရန်မှာ တပ်မတော်၏ မူလ Second Nature ပင်ဖြစ်ကြောင်း၊ လက်တလောတွင် အသက်ရှင်ရေးနှင့် နေထိုင်စားသောက်ရေး ကိစ္စများ အဆင်ပြေစွာ ဆောင်ရွက်နိုင်သော်လည်း နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ အဆွေတော်တို့ အနေဖြင့်လည်း ရခိုင်ဒေသအပါအ၀င် လုပ်နိုင်သည့် ဒေသများတွင် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုနိုင်ပါကြောင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တစ်ဖက်အဖွဲ့ အစည်းအနေဖြင့် သတ်မှတ်ထားသည့် နှစ်ဘက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ကျော်လွန်လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း၊ မိမိဆန္ဒအနေဖြင့် ယင်းသို့တိုက်ပွဲဖြစ်စဉ်များကို မလိုလား ပါကြောင်း၊ ၎င်းင်းဒေသများရှိ IDP စခန်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ၎င်းတို့၏နေရာတွင် ပြန်လည် လုပ်ကိုင်စားသောက်ရန် ခွင့်ပြုထားသော်လည်း တစ်ဘက်အဖွဲ့အစည်းများက ခွင့်မပြုဘဲဖိအား ပေးနေခြင်း ကြောင့်သာဖြစ်ကြောင်း၊ တစ်ချို့အဖွဲ့အစည်းများအနေဖြင့် မိမိတို့တပ်မတော်က တိုင်းရင်းသားများအား အနိုင်ကျင့်နေသည်ဟု အထင်အမြင် လွဲနေသည်များရှိကြောင်း၊ မိမိတို့တပ်မတော်ကို တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားအရာရှိ ၃၀၀၀ ကျော်နှင့် တိုင်းရင်းသား စစ်မှုထမ်းများစွာ တာဝန်ထမ်းဆောင် လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများနှင့် မည်သို့မျှ ပြဿနာတက်စရာ အကြောင်းမရှိဘဲ နိုင်ငံရေး အရသာ အထင်အမြင်လွဲမှားစွာ ပြောဆိုမှုများရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ်များရရှိခဲ့သော တိုင်းရင်းသားများစွာရှိကြောင်း၊ အခုအချိန် ထိလည်း တိုင်းပြည်အပေါ်တွင် သစ္စာရှိရှိဖြင့် တိုင်းရင်းသားအားလုံး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ် ဖိနှိပ်နေသည်ဟု ပြောဆိုမှုများသည် လွဲမှားသည့် ပြောဆိုမှုများသာ ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် သင်တန်းကိစ္စရပ်များ၊ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများ၊ တပ်မတော်မဟုတ်သည့် အခြားအဖွဲ့အစည်းများတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းများ လေ့ကျင့်ပို့ချရေး၊ Focal Ministry များနှင့်ဆက်သွယ်၍ လိုအပ်သည့် ဒေသများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment