Pages

Monday, August 24, 2015

လေမဖြတ်အောင် အစားရှောင်


လေမဖြတ်အောင် အစားရှောင်

ကြည်မြင့်လွင် (မုဒြာ)

အစားအသောက် မဆင်ခြင်သဖြင့် လေဖြတ်ရသူ များစွာရှိသည်။ အစားအသောက် ကြောင့် ဒုက္ခရောက် ရသည် ဆိုရာဝယ် ယခုစားပြီး နေ့ချင်း၊ ညချင်း ဒုက္ခပေးသည့် အစားအသောက် မျိုး ရှိသကဲ့သို့ ရက်၊ လ၊ နှစ်ချီပြီး စားသောကြောင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွင်းတွင် စုမိပြီး ဒုက္ခပေးသော အစားအစာ မျိုးလည်း ရှိသည်။

လေဖြတ်ခြင်းကြောင့် အသက်မသေ သည့်တိုင် ဒုက္ခိတဘဝ၊ မသန်စွမ်း ဘဝဖြင့် နေထိုင် ရမည်ကို လူတိုင်း ကြောက်ရွံ့ကြသည်။ ဦးနှောက် သွေးကြော ပြတ်ခြင်း၊ လေသင်တုန်း ဖြတ်ခြင်းကြောင့် အသက် ပါသွားလျှင်  ကြောက်စရာ မလို။ လူမှန်လျှင် တစ်နေ့ သေရမည်ဖြစ် သဖြင့် တရားဖြင့် ဖြေနိုင်သည်။ ထိုသို့မဟုတ် အသက် မသေဘဲ ဒုက္ခိတ ဘဝဖြင့် သူတစ်ပါး ထူမှ၊ ပွေ့မှ၊ ချီမှ လှုပ်ရှားမှု ပြုနိုင်သည့် ဘဝကို မည်သူမျှ မလိုလား ကြပေ။ အသက်သေမည်ကို မကြောက် ဘဝသေမည် ကိုကား လူတိုင်း ကြောက်ရွံ့ ကြပေသည်။

လေမဖြတ်အောင် သွေးကြော အတွင်း အဆီတက် စေမည့် အစာများကို နှစ်ရှည်လများ စားသုံးမှုမှ ရှောင်သင့်သည်။ အအေးစာ များကို ရှောင်ပါဟု မြန်မာ ဆေးဆရာ ဓာတ်စာ ဆရာကြီး များက ပြောလေ့ ရှိသည်။ အအေးစာ များကား အဘယ်နည်း ရေခဲစိမ် ရေခဲရိုက်၊ ရေခဲ သေတ္တာထဲမှ ထွက်သော အစာမှ အအေးစာဟု ထင်ကြမည်။ မဟုတ် ပါ။ မြန်မာ ဆေးကျမ်းများတွင် ဖော်ပြထားသော အအေးစာ များမှာ-

(၁) လေးလံ ထိုင်းမှိုင်းသော ကုန်းသတ္တဝါ များ၏အသား ဥပမာ‑ ဝက်သား၊ သိုးသား။
(၂) တွင်းအောင်းသော သတ္တဝါများ၏ အသား ဥပမာ-ဖွတ်သား၊ မြွေသား၊ ပုတတ်သား။
(၃) ရေသတ္တဝါ၊ ရေပျော် သတ္တဝါများ၏ အသား၊ ဥပမာ- ဘဲသား၊ ကျွဲသား၊ လိပ်သား စသည် . .

အထက်ပါ သတ္တဝါများ၏ အသားများကို ရှောင်ကြဉ် သင့်သည်။ ရှောင်ကြဉ်ခြင်း ဆိုသည်မှာ များစွာ စားသောက်ခြင်း၊ အကြိမ်ကြိမ် အခါခါ စားသောက်ခြင်း၊ နှစ်ရှည်လများ စွဲ၍ စားသောက်ခြင်း များကို ရှောင်ကြဉ်ရန် ဆိုလိုရင်း ဖြစ်သည်။

အခြား လေဖြတ် စေနိုင်သည့် အစာများမှာ အငန်ဓာတ် လွန်ကဲသော အစာများ ဖြစ်သည်။ အငန်တွင် ရိုးရိုးဆား အငန်နှင့် ပုပ်ငန်သော အရသာဟူ၍ နှစ်မျိုးရှိသည်။ ဆားအငန်ကို ကြိုက်၍ နှစ်ရှည် လများ စားသုံးခြင်းဖြင့် သွေးကြောများ မာဆတ်ပြီး သွေးတိုးရောဂါ ဝင်လာကာ လေဖြတ်နိုင်သည်။ ပုပ်၍ ငန်သော အရသာမှာ နှလုံး မသာယာ ဖြစ်စေသည်ဟု ဆိုခြင်းကြောင့် သွေးတိုးရောဂါ အပြင် နှလုံးရောဂါ ပါ ဖြစ်စေနိုင် သဖြင့် ရှောင်ကြဉ် သင့်သည်။ အားလုံးခြုံ၍ ပြောရလျှင် လေမဖြတ် စေရန်

(၁) အအေးစာများကို ရှောင်ကြဉ်ပါ။
(၂) ငန်သောအစာ၊ ပုပ်ငန်သော အစာကို ရှောင်ကြဉ်ပါ။
(၃) ကုန်းပေါ်နေပြီး ရေကြိုက်သော အစာများကို ရှောင်ကြဉ်ပါ။
(၄) မြေတွင်းအောင်း အစာများကို ရှောင်ကြဉ်ပါ။
(၅) သဘာဝမဟုတ် ပြုပြင်ထားသော အစာများ ကိုလည်း ရှောင်ကြဉ်ပါ။
(၆) အဆီများသော အစာကို နှစ်ရှည်လများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

လေဖြတ်ခြင်းသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေး ပါးလုံးနှင့် သက်ဆိုင်သော်လည်း အစားကြောင့် ဖြစ်ရခြင်းမှာ အလွန်များသည့် အကြောင်းရင်း ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment