Pages

Saturday, August 22, 2015

မြန်မာနိုင်ငံ ငွေကြေးဈေးကွက် နှင့် ကောလာဟလ


မြန်မာနိုင်ငံ ငွေကြေးဈေးကွက် နှင့် ကောလာဟလ

ကောလာဟလ ဆိုသော ဝေါဟာရကို မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုရာ၌ 
  • (၁) တစ်စုံတစ်ရာ ဖြစ်ပေါ်မည့် အကြောင်း ကြိုတင် သတိပေးသော ကြွေးကြော်စကား၊ ကြိုတင်ဖြစ်ပေါ် နေသော သတင်းဟူ၍ လည်းကောင်း၊
  • (၂) အခြေအမြစ် မရှိသော သတင်းဟူ၍ လည်းကောင်း နှစ်ပိုင်းခွဲ၍ ဖော်ပြထားသည်။


မြန်မာနိုင်ငံတွင် သြဂုတ် ဒုတိယရက် သတ္တပတ်မှ စ၍ မြန်မာကျပ်ငွေ နှင့် အမေရိကန် ဒေါ်လာ လဲလှယ်သည့် ဈေးနှုန်း လှုပ်ခတ်မှု ရှိနေပြီး ပုဂ္ဂလိကဘဏ် များနှင့် ပတ်သက်သည့် သတင်းများကြောင့် ပြည်သူများ စိုးရိမ်စိတ် ဖြစ်ပေါ်ခဲ့ကြ ရသော်လည်း ဤဖြစ်စဉ် သည် မြန်မာနိုင်ငံ၌ သာမဟုတ်ဘဲ ဒေသတွင်း နိုင်ငံ တော်တော်များတွင် လည်း လှုပ်ခတ်မှု ရှိကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ သိရသည်။

နိုင်ငံခြားငွေ လဲလှယ်ဈေးနှုန်း လှုပ်ခတ်မှု ဖြစ်ပေါ်သော အကြောင်းတရား မှာ နိုင်ငံ တော်တော် များများသည် ပြည်တွင်း သုံးငွေကို လျှော့ချ လာခြင်းကြောင့် ကမ္ဘာတွင် ငွေကြေးစစ်ပွဲ (Currency Wars) ဖြစ်နေပြီ လောဟု ထင်ကြေးပေး ကြရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု သည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ တွင် အတိုးနှုန်း တက်ရန် စီစဉ်ထားရာ ၄င်း အတိုးနှုန်း တက်လိုက်ပါက အမေရိကန် ဒေါ်လာဈေး ပို၍ မာသွားနိုင်ပြီး တရုတ်ယွမ်ကို လျှော့ချ လိုက်ခြင်းကြောင့် ကုန်သွယ်မှု ပိုင်းတွင် ပို၍နစ်နာမှုများ ဖြစ်နိုင်ကြောင်း၊ ဤသို့ တရုတ် နိုင်ငံသုံး ယွမ်ငွေ တန်ဖိုး လျှော့ချ လိုက်ခြင်းကြောင့် အင်ဒိုနီးရှား နိုင်ငံသုံး ရူပီးနှင့် မလေးရှား နိုင်ငံသုံး ရင်းဂစ်တို့ပါ တန်ဖိုးကျဆင်း ခဲ့ပြီး မြန်မာကျပ်ငွေ ကို ရိုက်ခတ်မှု ဖြစ်ကြောင်း လေ့လာသူ များက သုံးသပ်ထား ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် သည် မြန်မာကျပ်ငွေ ဈေးနှုန်းကို အလွန်အမင်း ကျဆင်း မသွားစေရန် ဇွန်လမှစ၍ ဈေးကွက် အတွင်းသို့ နိုင်ငံခြား ငွေကြေး လေလံစနစ်ဖြင့် ဒေါ်လာငွေများ ရောင်းချ ပေးလျက် ရှိပြီး ဆက်လက် ရောင်းချ သွားမည် ဖြစ်သည်။ နိုင်ငံခြား ငွေကြေး လေလံကို နေ့စဉ်နံနက် ၉ နာရီတွင် ကျင်းပ၍ နိုင်ငံခြားငွေ ရောင်းလိုသော ဘဏ်နှင့် ဝယ်လိုသော ဘဏ်တို့ကို ဖိတ်ခေါ်၍ ၄င်းတို့ အဆိုပြုသော ရောင်းလိုသည့် ဈေးနှင့် ဝယ်လိုသည့် ဈေးတို့အပေါ် မူတည်၍ ဗဟိုဘဏ်က ဈေးနှုန်း သတ်မှတ် ပေးခြင်း ဖြစ်သည်။ နိုင်ငံခြားငွေကြေး လေလံပြီး သည်နှင့် ငွေကြေး လေလံနှင့် သက်ဆိုင်သော သတင်း အချက်အလက်များ ကို ပြည်သူများ သိရှိနိုင်ရန် အင်တာနက် ပေါ်မှ တစ်ဆင့် နေ့စဉ် ထုတ်ပြန် ပေးလျက် ရှိသည်။

ဗဟိုဘဏ် အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မည်သည့်ဘဏ် ကိုမျှ ပိတ်သိမ်းရန် စီစဉ်ထားခြင်း မရှိသည့် အပြင် ဘဏ်များ အတွက် ငွေကြေး အကျပ်အတည်း ဖြစ်လာခဲ့သော် နိုင်ငံတော်တွင် ငွေရေး ကြေးရေး ကဏ္ဍ တည်ငြိမ်မှု ရှိစေရန် လိုအပ်သော ငွေကြေး အကူအညီ များကို ဥပဒေနှင့် အညီ ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။

ယနေ့အချိန်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် သည် မြန်မာကျပ်ငွေ လဲလှယ်နှုန်း အတက်၊ အကျ အလွန် ကြမ်းတမ်းမှု မရှိစေရေးနှင့် ယခင်ကာလ များကဲ့သို့ တရားဝင် ဈေးနှုန်းနှင့် တရားမဝင် ဈေးနှုန်း အလွန် ကွာခြားမှု မရှိစေရန် ကြိုးစား ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ ဘဏ်အချို့နှင့် ပတ်သက်၍ ထွက်ပေါ် လာသော သတင်းများသည် အခြေအမြစ် မရှိသော ကောလာဟလ သတင်းများသာ ဖြစ်ကြောင်း ပြည်သူ အပေါင်းသို့ မြဝတီ က ထပ်လောင်း ပြောကြား လိုက်ရ ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment