Pages

Tuesday, August 11, 2015

တညင်းသီးကြောင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း



တညင်းသီးကြောင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း
ဒေါက်တာလွင်သန့် (ဆေး-၂)

ယခုလို မိုးရာသီ ကာလမှာ တညင်းသီး လှိုင်လှိုင်ပေါ်တဲ့ အတွက် တညင်းသီး ကြိုက်နှစ်သက် သူတွေအဖို့ တညင်းသီး ကို အတို့ အမြှုပ်၊ အုန်းနို့ဆမ်း စသည်ဖြင့် စားသုံးလေ့ ရှိပါတယ်။ ဒါပေမဲ့ တညင်းသီးကို အလွန်အကျွံ စားသုံးရင်တော့ လူကို အန္တရာယ်ရှိ နိုင်တာကို သတိထား မိသူ အလွန်နည်း ပါတယ်။

အသက်ရှည်ရာ အနာမဲ့ ကြောင်းကို လူတိုင်းတောင့်တ ကြသလို အသက်ရှည် ဖို့နဲ့ အနာရောဂါ မရှိ နေထိုင်နိုင်ဖို့ လည်း စားသတိ၊ သွားသတိ၊ နေသတိနဲ့ နေဖို့ အရေးကြီး ပါတယ်။ ကြိုတင် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့အတိုင်း အာဟာရ ကို သင့်လျော်ရုံ စားသုံးဖို့ လိုအပ်ပြီး လွန်ကျူးအောင် မစားသင့် ပါဘူး။ သင့်လျော်တဲ့ အာဟာရ ဖြစ်ဖို့၊ အနာရောဂါ ကင်းရှင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ စားသောက် ရာမှာ မြန်မာ့ရိုးရာ တို့စရာနဲ့ ငါးပိရည်ဟာ မပါမဖြစ် ပါပဲ။ တို့စရာမှာ တညင်းသီးပြုတ်၊ တညင်းသီး ဆားရည်စိမ်၊ တညင်းသီး အုန်းနို့ဆမ်း တို့ဟာ ထမင်းမြိန် ခံတွင်းတွေ့စေ ပါတယ်။

ပါဝင်မှု ။ တညင်းသီးမှာ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင်ဘီ ဓာတ်နဲ့ ဗီတာမင် ဘီဝမ်း၊ ဘီတူး စတဲ့ သဘာဝ အာဟာရဓာတ် များစွာ ပါဝင်နေ ပါတယ်။ တညင်းသီး ဟာ ကုန်ခန်းသွားတဲ့ အစာတွေ ပြန်လည်ပြည့်ဝ စေတဲ့ ရေငွေ့ဓာတ် နဲ့ခွန်အားကို များများ တိုးတက် ဖြစ်ထွန်း စေနိုင်တဲ့ ကစီဓာတ်များ စွာလည်း ပါဝင် ပါတယ်။ မီးစုန်းဓာတ် ပါဝင်မှု ကလည်း တတိယ အများဆုံး ဖြစ်ပါတယ်။ 

အဲဒီ ဓာတ်တွေက သွားနဲ့အရိုး တွေကို သန်မာ တောင့်တင်း စေတယ်။ အလုပ်ကြမ်း လုပ်ရတဲ့ အလုပ်သမား တွေ၊ လယ်သမားတွေ အထူး လိုအပ်တဲ့ မီးစုန်းဓာတ် ကိုလည်း တညင်းသီး က ရရှိပါတယ်။

တန်ဆေးလွန်ဘေး ။ လူ့ရဲ့ ခန္ဓာကိုယ်ဟာ ဓာတ်အမျိုးမျိုး၊ သတ္တုဓာတ် အမျိုးမျိုး ပါဝင်ဖွဲ့စည်း ထားပါတယ်။ ဒါပေမဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာ နေရတဲ့အတွက် ခန္ဓာကိုယ်မှာ သတ္တုဓာတ် ကုန်ခန်း ဆုတ်ယုတ်မှု ဖြစ်ပေါ်လာတယ်။ ပျက်စီးသွားတာ တွေရှိတယ်။ ပျက်စီးသွားတဲ့ ဓာတ်အမျိုးမျိုး၊ သတ္တုဓာတ် အမျိုးမျိုးကို ပြန်လည် ဖြည့်တင်း ရတယ်။ တညင်းသီးမှာ အဲဒီ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တွေ ပါဝင်နေ ပေမယ့် အစားများရင် ရုတ်တရက် ကျောက်ကပ် ရောင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း ဖြစ်ပွား နိုင်ပါတယ်။

တညင်းသီးပြုတ် အလုံး ၂ဝ၊ ၃ဝ လောက်ကို တစ်ထိုင်တည်း စားလိုက်မိ သူတွေ ဆီးမသွားနိုင် ဖြစ်တာ၊ ခါးကိုက်လို့ ဆေးခန်းလာပြ တာမျိုး ကြုံဖူးပါတယ်။ အဲဒီလိုဖြစ်လာရင် ဆီးရွှင်ဆေး ထိုးပေး၊ စားဆေး ကျွေးရင် အမြန်ပြန် ကောင်း နိုင်ပေမယ့် တချို့ဆီး မသွားနိုင်၊ ဆီးညှစ်ရင်လည်း သွေးပဲထွက်လို့ ကျောက်ကပ် ဆေးရတဲ့အထိ ဖြစ်သွား ခဲ့ကြတယ်။ တညင်းသီးရဲ့ အညှာ၊ အညှောင့် ပိုင်းက ကျောက်ကပ်ကို အန္တရာယ် ဖြစ်စေပါတယ်။ 

ဆီးမသွားနိုင်ရင် သွေးပေါင်ချိန် တက်၊ စိတ်ဖိစီးမှုများ၊ ဗိုက်အောင့်၊ ခါးကိုက်ပြီး ဆီးမထွက်တဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစား ရတတ်တယ်။ သွေးတိုးရောဂါ အခံရှိတဲ့ သူဆို ဦးနှောက်သွေးကြော ပြတ်ပြီး လေဖြတ်နိုင်တယ်။ တညင်းသီးရဲ့ အနံ့အသက် ဟာ စားထားတဲ့ သူရဲ့ခံတွင်းမှာ အနံ့နံစေ သလို ဆီးရော ဝမ်းမှာပါ အနံ့စွဲကျန် စေပါတယ်။

ကျောက်ကပ်ဆဲလ် တစ်ခု ။ တညင်းသီး တစ်လုံးစားရင် ကျောက်ကပ်ဆဲလ် တစ်ခုပျက်စီး စေတယ်ဆိုတော့ တညင်းသီး များများစားရင် ကျောက်ကပ် ပျက်စီးမှု ပိုမိုဖြစ်ပွား စေလို့ ဂရုပြုသင့် ပါတယ်။ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ရောင်ခြင်း၊ ကျောက်ကပ် အားနည်းခြင်း ရောဂါရှိသူတွေ အနေနဲ့ တညင်းသီး လုံးဝ မစားသင့် ပါကြောင်း ဖော်ပြ လိုက်ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment