Pages

Monday, August 24, 2015

အာဆီယံ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့မှ ASEAN-OSHNET AWARD ဆုချီးမြှင့်မည်



ရန်ကုန် ၊ ၂၄-၈-၂၀၁၅

အာဆီယံနိုင်ငံ များရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံ အလုပ်ရုံများ အပါအဝင် တခြားသော လုပ်ငန်းခွင် များ၌ အလုပ်သမား များအတွက် အသက် အန္တရာယ် ကင်းရှင်း စေရေး၊ ကျန်းမာရေး ကောင်းမွန်စွာ လုပ်ငန်း တာဝန်များ ထမ်းဆောင် နိုင်စေရေး နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရန် စသည့် ရည်ရွယ်ချက် များဖြင့် အာဆီယံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့ (ASEAN- OSHNET) ကို ဖွဲ့စည်း ထားပြီး ယခုအခါ အဆိုပါ အဖွဲ့မှ ထူးခြား ကောင်းမွန်သော စက်ရုံ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများ ကို ရွေးချယ်ကာ ဆုများချီးမြှင့် သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လုပ်ငန်းခွင် များတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေး နှင့်ပတ်သက်၍ ညီညွတ်မျှတ ကောင်းမွန်သော အခြေအနေများ စီစဉ် ဆောင်ရွက် ထားသည့် စက်ရုံ အလုပ်ရုံများကို စိစစ်ရွေးချယ် အကဲဖြတ်ကာ ဆုများ ချီးမြှင့်သွားရန် အာဆီယံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့မှ စီစဉ်ထားခြင်း ဖြစ်သည်။

ASEAN-OSHNET မှ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလျှင် ဆုနှစ်ဆုစီ ပေးအပ် ချီးမြှင့်မည် ဖြစ်ပြီး ချီးမြှင့်မည့် ဆုများမှာ ASEAN-OSHNET Excellence Award နှင့် Best Practice Award ဆုများဖြစ်ကာ အဆိုပါ ဆုများကို ၂ဝ၁၆ ခုနှစ် မေလတွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည့် ကျန်းမာရေး ညီလာခံတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင် ကြမည့် လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ် ထားသော လျှောက်လွှာပုံစံ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဆိုင်ရာ မှတ်တမ်း၊ လုပ်ငန်းစဉ်များ စီစဉ် လုပ်ကိုင်ပုံနှင့် လုပ်ငန်းခွင် အချိန်ဇယား စသည် တို့ကို ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ပြီး လျှောက်လွှာပုံစံ များကို အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတွင် ရယူနိုင်ကြောင်း နှင့် အဆိုပါ ဆုများ ရွေးချယ် ချီးမြှင့်ခြင်း နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၁- ၆၅ဝ၂၉၅ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

ဆောင်းဦး

မြဝတီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment