Pages

Friday, July 24, 2015

စားသုံးဆီ ဈေးကွက်အတွင်း ပဲဆီအနံ့ရရှိစေသည့် ဆေးဝါးများ ထည့်သွင်းထားသော ရောနှောပဲဆီအတုများ အမြောက်အမြား ရှိနေ


ရန်ကုန် ၊ ၂၄-၇-၂၀၁၅

မြန်မာ့ စားသုံးဆီ ဈေးကွက် အတွင်း၌ ပဲဆီအနံ့ ရရှိစေသည့် ဆေးဝါးများ ထည့်သွင်း ထားသော ရောနှော ပဲဆီအတုများ ရောင်းချမှု ရှိနေကြောင်း ပြည်တွင်း ဆီကုန်သည် အသိုင်းအဝိုင်း မှ သိရသည်။

ဈေးကွက်ထဲတွင် ပဲဆီတံဆိပ် ကပ်ကာ ရောင်းချသည့် ဆီအများစုမှာ ပဲဆီစစ်စစ် မဟုတ်ဘဲ ပြည်ပမှ တင်သွင်းလာသည့် ပဲဆီ မဟုတ်သော ဆီများကို ပဲဆီအနံ့ ထည့်၍ ရောင်းချခြင်း ဖြစ်သည်။ တချို့မှာ ပဲဆီနှင့် တခြားဆီများကို ရောနှောကာ ပဲဆီအစစ် ဟူ၍ အာမခံ ရောင်းချခြင်း များပင် ရှိနေသည်။

ပဲဆီစစ်စစ် ထုတ်လုပ်မှု ကုန်ကျစရိတ် မှာ မြေပဲဆန် ဈေးနှုန်းအပေါ် မူတည်ကာ ပဲဆီ တစ်ပိဿာလျှင် အနည်းဆုံး ငွေကျပ် ၅ဝဝဝ ကျော်ရှိသည့် အတွက် ဈေးကွက် အတွင်း တစ်ပိဿာ ငွေကျပ် ၂ဝဝဝ ကျော်ဖြင့် ရောင်းချ နေသည့် ပဲဆီတံဆိပ် ကပ်ထားသည့် ဆီများသည် ပဲဆီအစစ် မဟုတ် နိုင်ကြောင်း ပြည်တွင်း စားသုံးဆီ လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ ပြည်တွင်း ဈေးကွက်အတွင်း မြေပဲဆီ တံဆိပ်ကပ်ပြီး အနံ့ထည့် ထားသည့် ရောနှောဆီများ ရောင်းချလျက် ရှိရာ ရာခိုင်နှုန်း အားဖြင့် ၈၅ ရာခိုင်နှုန်း အထိပင် ရှိကြောင်း ဆီလုပ်ငန်းရှင် များက ပြောသည်။

ပဲဆီနံ့ ရရှိစေသည့် အနံ့ဆေး များကို မန္တလေးမြို့ရှိ ဈေးများအတွင်း အလွယ်တကူ ဝယ်ယူနိုင်ပြီး ၄င်းအနံ့ဆေး များကို အိန္ဒိယနှင့် တိုင်ဝမ်နိုင်ငံ တို့မှ တင်သွင်းခြင်း ဖြစ်ကာ အဓိကအားဖြင့် မုန့်ပြုလုပ်သည့် နေရာများတွင် အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

ရောနှောပဲဆီ များကို ရန်ကုန် နှင့် မန္တလေး မြို့တို့၌ ပြုလုပ်ခြင်း ဖြစ်ရာ ပြည်တွင်းပဲဆီ စစ်စစ် ဈေးကွက်မှာ လုံးဝကျဆင်း သွားပြီး ဆီစက် လုပ်ငန်း ၇ဝ ရာခိုင်နှုန်း အထိ ရပ်နား ထားရကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသည့် အရောအနှော ပဲဆီအတု များနှင့် အနံ့ထည့်သွင်း ရောင်းချသည့် ပဲဆီအမည်ခံ ဆီများကို တာဝန်ရှိ သူများ အနေဖြင့် ထိရောက်စွာ အရေးယူပေးရန် တောင်းဆို ထားကြောင်းသိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment