Pages

Sunday, July 26, 2015

ရန်ကုန်မြို့နေ ပြည်သူများအတွက် တစ်ရက်လျှင် ရေဂါလန် သန်း ၄ဝ ထပ်မံဖြန့်ဝေနိုင်မည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းပြီးစီးတော့မည်



ရန်ကုန် ၊ ၂၆-၇-၂ဝ၁၅

ရန်ကုန်မြို့နေ ပြည်သူများ အတွက် လိုအပ်သည့် သောက်သုံးရေ များကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ရေလှောင်ကန် ကြီးများ ဖြစ်သည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း (ငမိုးရိပ်) ရေသန့်စင် စက်ရုံနှင့် တွံတေးမြို့နယ် ရန်ကုန်ပေါက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့ရှိ စက်ရေတွင်း များမှ ရယူပြီး ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိသည်။

အဆိုပါရေများ ကျန်းမာရေးနှင့် ညီညွတ်စေရန် ဆောင်ရွက်၍ ကြည်လင် သန့်ရှင်းသော ရေအဖြစ်သို့ ပြောင်းလဲကာ တစ်ရက်လျှင် ရေဂါလန် ၂ဝ၅ သန်း ဖြန့်ဝေ ပေးလျက် ရှိသော်လည်း သုံးစွဲသူများ ပိုမိုလုံလောက်
စေရန်အတွက် တစ်ရက်လျှင် ရေဂါလန် သန်း၎ဝ ထပ်မံဖြန့်ဝေ ပေးနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ဆောင်ရွက်လျက် ရှိရာ ယခုအခါ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သည် တိုးတက်လာသော ရန်ကုန်မြို့နေ လူဦးရေ နှင့်အညီ ဖြန့်ဝေ ပေးနိုင်ခြင်း မရှိသေးသည့် အတွက် ရေသယံဇာတ အရင်းအမြစ်များ ထပ်မံ ရှာဖွေ၍ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) လမ်းနှင့် အမှတ်(၇) လမ်းဆုံအနီး၌ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ၂ဝ၁၃ ခုနှစ် မေ ၄ ရက်မှစတင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ (ပုံ)

ရန်ကုန်မြို့နေ ပြည်သူများ အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း ကြည်လင်သော သောက်သုံးရေများ ပေးဝေနိုင်ရန် အကြို အနည်ထိုင်ကန်၊ အနည်ထိုင်ကန်၊ ရေဝေ အဆောက်အအုံ၊ ရေစစ်ကန်၊ သဲရေစစ်ကန်၊ ရေစုကန်၊ ရေယူ အဆောက်အအုံ၊ ရေတွန်းစက် နှင့် လျှပ်စစ်ဓာတ်အား ခွဲရုံတို့ကို တည်ဆောက်လျက် ရှိရာ ယခုအခါ စီမံကိန်း လုပ်ငန်း တစ်ခုလုံး၏ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ငွေကျပ် ၄၆ ဘီလီယံ သုံးစွဲ တည်ဆောက် ခြင်းဖြစ်ကာ စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇန ဥယျာဉ်မြို့တော် နှင့် စက်မှုဇုန်များ အပါအဝင် သာကေတ၊ ဒေါပုံမြို့နယ်များ၊ သီလဝါ အထူး စီးပွားရေးဇုန် တို့သို့ တစ်ရက်လျှင် ရေဂါလန် သန်း ၄ဝ ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)မှ သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment