Pages

Tuesday, July 28, 2015

အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး သင်တန်းကျောင်းများ လာရောက် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂၈-၇-၂၀၁၅

ယခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ အတွင်း၌ အစ္စရေးနိုင်ငံ၏ စိုက်ပျိုးရေး နည်းပညာရှင် များက မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး ပြည်တွင်း၌ စိုက်ပျိုးရေး သင်တန်းကျောင်း များ လာရောက် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

''စိုက်ပျိုးရေး သင်တန်းကျောင်း တွေကို စိုက်ပျိုးရေး လုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မြို့တွေမှာ ဖွင့်လှစ် သွားမှာပါ။ ဖွင့်လှစ်ရတဲ့ နေရာမှာလည်း ပြည်တွင်းရှိ စိုက်ပျိုးရေး ပညာရှင်တွေနဲ့ တောင်သူတွေကို ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်တွေ သင်ကြား ပေးသွားမှာပါ။ စိုက်ပျိုးရေး သင်တန်းကျောင်း တွေကို မြန်မာနိုင်ငံမှာ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ပြီး ဖွင့်လှစ်နိုင်အောင် လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ အတွင်း၌ စိုက်ပျိုးရေး သင်တန်း ကျောင်း လာရောက် ဖွင့်လှစ်မည့် အစ္စရေး စိုက်ပျိုးရေး နည်းပညာရှင် တစ်ဦးက ပြောသည်။

အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် စိုက်ပျိုးရေး သင်တန်းကျောင်း များတွင် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ကိရိယာ တန်ဆာပလာ များကိုလည်း အသေးစိတ် ထားရှိပြီး ပြည်တွင်းရှိ စိုက်ပျိုးရေး နှင့် ပတ်သက်သည့် သူများအား ၄င်းပစ္စည်းများကို လက်တွေ့ ကိုင်တွယ် အသုံးပြုကာ သင်ကြားပို့ချ မှုများလည်း ပြုလုပ်ရန် စီစဉ် ထားသည်။ အဆိုပါ စိုက်ပျိုးရေး သင်တန်းကျောင်း များတွင် အစ္စရေးနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်များနှင့် ပြည်တွင်းရှိ စိုက်ပျိုးရေး ပညာရှင်များအား ခေါ်ယူ၍ မြန်မာနိုင်ငံမှ တောင်သူများအား သင်ကြား ပေးမည် ဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေး သင်တန်းကျောင်း များကို ဧရာဝတီတိုင်း ဒေသကြီး၌ အဓိကထား၍ ပူးပေါင်းကာ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး ၂ဝ၁၆ ခုနှစ်တွင် အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများ မှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ မှုများ လာရောက် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment