Pages

Tuesday, July 7, 2015

အများပြည်သူသုံးစွဲရန် မသင့်သော ပစ္စည်းများကို တင်သွင်းပါက အရေးယူသွားမည်



ရန်ကုန် ၊ ၇-၇-၂၀၁၅

မြန်မာနိုင်ငံ အတွင်းသို့ အများပြည်သူ သုံးစွဲရန် မသင့်သော ပစ္စည်းများကို တင်သွင်းမှု တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အရေးယူမှုတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄ တွင် မည်သူမဆို ပတ်ဝန်းကျင် ထိခိုက်သည့် အတွက် ဝန်ကြီးဌာနမှ တားမြစ် ထားသည့် ပစ္စည်း တစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ ပြည်ပမှတင် သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း နှင့် ရောင်းဝယ်ခြင်း ကို ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ငွေကျပ် တစ်သိန်းမှ အများဆုံး ငွေကျပ် သိန်းနှစ်ဆယ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံ ရမည့်အပြင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့် အဆင့်အထိ ပြုပြင်ပြောင်းလဲ စွန့်ပစ်ရန် ကုန်ကျ စရိတ်ကို ထိုသူမှ ကျခံ စေရမည်ဟု ပြဋ္ဌာန်း ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လ အတွင်းက ကုမ္ပဏီ တစ်ခုသည် Computer Accessories Recycle For Computer Hard Disks And Diskettes (C/O-China) အဟောင်းများ ပါဝင်သည့် ကုန်သေတ္တာ လေးလုံးကို သံရည် ပြန်ကျိုရန် ရည်ရွယ်ပြီး ရန်ကုန်ဆိပ်ကမ်း တစ်ခုမှတစ်ဆင့် တင်သွင်း လာခဲ့သဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သဘောထား မှတ်ချက် တောင်းခံခဲ့ ရကြောင်း၊ ထိုသို့ တောင်းခံရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ပြဋ္ဌာန်းချက်များ အရ လည်းကောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘေးအန္တရာယ် ဖြစ်စေသော စွန့်ပစ်ပစ္စည်း များနှင့် ၄င်းတို့၏ စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်း ဆိုင်ရာ ကွန်ဗင်းရှင်းသို့ ဝင်ရောက်ပြီး ဖြစ်သဖြင့် အများပြည်သူ သုံးစွဲရန် မသင့်သော ပစ္စည်းများကို မည်သည့် ရည်ရွယ်ချက်နှင့် ဖြစ်စေ တင်သွင်းခွင့် မရှိကြောင်းကို အကြောင်းပြန် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း ကုန်သွယ်မှုများ တိုးတက် လာချိန်တွင် တရားမဝင် တင်သွင်းခြင်းနှင့် တခြား အများပြည်သူ သုံးစွဲရန် မသင့်သော ပစ္စည်းများအား တင်သွင်းခြင်းများ ရှိလာကြောင်း၊ ယင်းအတွက် တရားမဝင် ကုန်သွယ်မှု များကို ထိန်းချုပ်နိုင်ရန် တရားမဝင် ကုန်သွယ်မှု တားဆီးရေး အဖွဲ့ ဖွဲ့စည်းကာ လုပ်ဆောင် နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment