Pages

Monday, July 13, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ နှစ်သက်လာခြင်းကြောင့် ဈေးကွက်တွင်ကျယ် လာသည့် မြန်မာ့လက်မှု လုပ်ငန်း ချင်းပုတီး



ရန်ကုန် ၊ ၁၃-၇-၂ဝ၁၅

အင်ကြင်းကျောက် ဘေးထွက် ပစ္စည်း ဖြစ်သော အကာသား များဖြင့် ပြုလုပ်ထားသည့် မြန်မာ့လက်မှု အနုပညာ ချင်းပုတီး များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှစ်သက်စွာ ဝယ်ယူ နေကြသဖြင့် ဈေးကွက် တွင်ကျယ် လာကြောင်း သိရသည်။

''ချင်း တိုင်းရင်းသား တွေက အဲဒီ ပုတီးပုံစံကို အရင်က ပယင်းကျောက် တွေနဲ့ပြုလုပ်ပြီး ဝတ်ဆင် ကြတယ်။ အခုတော့ အင်ကြင်းကျောက် နဲ့လုပ်ထားတဲ့ ပုတီးက အဲဒီပုတီးနဲ့ ပုံစံတူတော့ ချင်း တိုင်းရင်းသား တွေအများဆုံး လာဝယ်ကြလို့ ချင်းပုတီး ဆိုပြီး အမည်တွင် သွားတယ်။ ချင်းပုတီးကို ဆေးရောင်ခြယ် ရတာ အံ့သြဖို့ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့ အင်ကြင်းကျောက် အပေါ်မှာ ဆေးရောင်ခြယ်လို့ မရဘူး။ ဆေးမစွဲဘူး။ ဒါကြောင့် သူ့ကို ဆေးခြယ်တဲ့ နေရာမှာ မိခင်နို့ရည် ကလွဲပြီး ဘယ်ဟာနဲ့မှ ဆေးခြယ်လို့ မရတာ သူ့ရဲ့ထူးခြားချက် တစ်ခုပါ။ ပြီးတော့ အဲဒီနို့ရည် ကိုလည်း တစ်နှစ်လောက် ကြာအောင် သိမ်းထားပြီးမှ ဆေးခြယ်လို့ ရပါတယ်'' ဟု အင်ကြင်းကျောက် ဖြင့် ချင်းပုတီးများ ပြုလုပ်သည့် လုပ်ငန်း လုပ်ကိုင်သူ ကိုမောင်ဇော် က ပြောသည်။

ချင်းပုတီးများ (ပုံ) ကို ယခင်က ပြည်တွင်း၌သာ ဈေးကွက် အနေဖြင့် ချင်းပြည်နယ် သို့ အား ထားတင်ပို့ ရောင်းချ နေရသော်လည်း ယခုအခါ ပြည်တွင်း ဈေးကွက်၌ ဖန်စီ အလှပုတီးများ အပြင် ကိုးနဝင်း၊ ဂုဏ်တော်၊ ကိုးလုံးပုတီး နှင့် စိပ်ပုတီး စသည့် ဘာသာရေး ပုတီးများအထိ ပြုလုပ် ရောင်းချကာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ မှလည်း အမှတ်တရ အဖြစ် ဝယ်ယူမှု များပြား လာသည်။

ထို့အပြင် ချင်းပုတီးများ ထုတ်လုပ်ရာ မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ်မှ ချင်းပုတီးများကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် လည်ပတ်သည့် ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေးနှင့် ရန်ကုန် စသည့် ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချ မှုများ ပြုလုပ် နေရကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment