Pages

Friday, July 24, 2015

နိုင်ငံတကာအလုပ်ရုံ ဆွေးနွေးပွဲများမှ ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံ နှင့် သင်ကြားမှု နည်းစနစ်များပါ တိုးတက် ပြောင်းလဲနိုင်



မန္တလေး ၊ ၂၄-၇-၂၀၁၅

တက္ကသိုလ် အသီးသီး၌ ပြုလုပ်သော နိုင်ငံတကာ အလုပ်ရုံ ဆွေးနွေးပွဲ များမှ ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံ၊ အားနည်းချက် များအပြင် သင်ကြားမှု နည်းစနစ် များပါ တိုးတက် ပြောင်းလဲ ရရှိနိုင်ကြောင်း မြန်မာနိုင်ငံ သင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာ ညွှန့်ဆွေ ထံမှ သိရသည်။

ယခုလာမည့် နိုဝင်ဘာလတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်း သိပ္ပံနှင့် သင်္ချာ ဘာသာရပ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ညီလာခံ ပြုလုပ်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ်၌ Workshop ပြုလုပ်မည် ဖြစ်ကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား စသော နိုင်ငံများမှ ပါမောက္ခကြီးများ ဦးရေ ၂ဝ ခန့် လာရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲ မျိုးကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ က မန္တလေး ရတနာပုံ တက္ကသိုလ် တွင် ဆောင်ရွက်ခဲ့ရာ အမေရိကန် နိုင်ငံမှ ပါမောက္ခ လေးဦး၊ အိန္ဒိယ နိုင်ငံမှ တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံ မှ နှစ်ဦး၊ ထိုင်းနိုင်ငံမှ တစ်ဦး တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ဒေါက်တာ ညွန့်ဆွေ က ပြောပြသည်။

''ဒီလိုမျိုး Workshop တွေ၊ Conference တွေ ပြုလုပ်ခြင်း အားဖြင့် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံ တင်မက ပါဘူး။ သင်ကြားမှု နည်းစနစ်တွေ ကိုယ့်မှာ အားနည်းချက် ရှိနေတာတွေ၊ နိုင်ငံတကာရဲ့ သင်ကြားမှုတွေ နိုင်ငံတကာ အတွေ့အကြုံ တွေကို ကုန်ကျစရိတ် ကြီးပြီး နိုင်ငံခြား သွားရမယ့် အစား မြန်မာနိုင်ငံ မှာပဲ လူဦးရေ များများ တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။ အရင်က ဆိုရင် ဒီ အတွေ့အကြုံတွေ ရဖို့၊ နည်းပညာ ရဖို့အတွက် နိုင်ငံခြားကို တစ်ယောက်စ နှစ်ယောက်စ လောက်ပဲ စေလွှတ် နိုင်တာပါ။ ကိုယ့်နိုင်ငံကို ဖိတ်ခေါ် လိုက်တော့ တက္ကသိုလ် အသီးသီး က ဆရာ၊ ဆရာမ တွေ အများကြီး အတွေ့အကြုံ ရသွား ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်း သိပ္ပံနှင့် သင်္ချာ ဘာသာရပ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံ သင်္ချာအသင်း က အဓိက ပံ့ပိုးချိတ်ဆက် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး သင်္ချာ ဘာသာရပ် အားနည်းသော ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံ တို့တွင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကမ္ဘောဒီးယား နိုင်ငံ၌ ငါးကြိမ်၊ မြန်မာနိုင်ငံ၌ သုံးကြိမ် ဆောင်ရွက်ပြီး နောက်နှစ် များတွင် လာအိုနိုင်ငံတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့က မြန်မာနိုင်ငံ၌ နှစ်ကြိမ် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ များမှ နိုင်ငံတကာ အတွေ့အကြုံ နှင့် အကျိုးရလဒ် များစွာ ရရှိကြောင်း၊ တက္ကသိုလ် အသီးသီးရှိ ဆရာ၊ ဆရာမများ အတွက် အကျိုးရလဒ် ကောင်းများ ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment