Pages

Tuesday, July 14, 2015

ရေငန်အလှမွေးငါးများကို မှာယူသည့် ပြည်ပနိုင်ငံများ မြင့်တက်လာ သကဲ့သို့ ပြည်ပမှ ပြန်လည်တင်သွင်းရသည့် အလှမွေးငါးမျိုးစိတ်သစ်များ ထပ်မံဝင်ရောက်


ရန်ကုန် ၊ ၁၄-၇-၂၀၁၅

ပြည်တွင်းမှ ထွက်ရှိသည့် ရေငန် အလှမွေး ငါးများကို ဝယ်ယူရန် ကမ်းလှမ်းသည့် ပြည်ပ နိုင်ငံများ ပိုမိုမြင့်တက် လာသကဲ့သို့ လက်ရှိ မှာယူနေသည့် ပြည်ပနိုင်ငံ အများစုမှလည်း မှာယူသည့် ပမာဏ တိုးမြှင့် လာကြောင်း အလှမွေး ငါးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလိုကင်ဆိုင် ၏ ပြောကြားချက် အရ သိရသည်။

ထိုကဲ့သို့ ရေငန် အလှမွေး ငါးများကို ပြည်ပမှ မှာယူမှု မြင့်တက် လာခြင်းကြောင့် နိုင်ငံခြား ဝင်ငွေရရှိမှု တိုးပွား နေချိန်တွင် ပြည်ပမှ အလှမွေး ငါးဝါသနာရှင် များ၏ မျိုးဗီဇ မြှင့်တင် သားဖောက် ထားသည့် အလှမွေး ငါးမျိုးစိတ် သစ်များ ထပ်မံဝင်ရောက် လာကြောင်း သိရသည်။

ဒေါ်လာဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းနှင့် အမြင့်ပိုင်းတွင် ရှိနေခြင်း များကြောင့် ပြည်ပမှ အိမ်မွေး တိရစ္ဆာန်များ မှာယူတင်သွင်းမှုကို ခေတ္တ ရပ်နားထားကာ အလှမွေး ငါးမျိုး စိတ်သစ် များကို ပြည်ပသို့ ပြန်လည် ရောင်းချနေပြီး ပြည်တွင်းရှိ အလှမွေး ငါးလုပ်ငန်းရှင်များ စုပေါင်း၍ ဈေးကွက်ဖွင့် ပြန်လည် ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေငန်အလှမွေး ငါးများကို တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်းနှင့် တရုတ် အစရှိသည့် နိုင်ငံများသို့ တင်သွင်း ရောင်းချလျက် ရှိပြီး ပြည်တွင်းတွင် ရောင်းချနေသည့် ရေငန် အလှမွေးငါး ဈေးနှုန်းများမှာ ငွေကျပ် ၁ဝဝဝ မှ ငွေကျပ် ၁၅ဝဝဝ ဝန်းကျင်အထိ ရှိကြောင်း အလှမွေး ငါးလုပ်ငန်း ရှင်များ အသင်းမှ သိရသည်။

''အဓိက ကတော့ ထိုင်းနိုင်ငံ ကနေ အလှမွေး ငါးမျိုးတွေ သွင်းတာပေါ့။ ဒီမှာ သားဖောက်ပြီး ရောင်းတယ်။ ကျွန်တော်တို့က အဲဒီအဆင့်မှာပဲ ရပ်နေတာ။ မျိုးဗီဇ မမြှင့်နိုင်ဘူး။ ထိုင်းနိုင်ငံမှာက အလှမွေး ငါးတွေကို မျိုးဗီဇ မြှင့်ထားပါတယ်။ အဲဒါကြောင့် သူတို့ဆီက ပြန်ဝယ် နေရတာ။ အဲဒီလို အဆင့်မြှင့်တင် နိုင်အောင် ဒီမှာ လုပ်ရပါမယ်'' ဟု အလှမွေး ငါးလုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်ဟန် က သုံးသပ် ပြောသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment