Pages

Wednesday, July 8, 2015

ပုဂံ ၊ မန္တလေး နှင့် အင်းလေးဒေသတို့၌ ဂျီလိုင်စင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်း ပို့ချမည်



ရန်ကုန် ၊ ၈-၇-၂၀၁၅

ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရန် ဒေသတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမို တိုးတက်ရရှိ လာစေရန် ၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ စနစ်တကျနှင့် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်းများကို အလားအလာ ကောင်းသော စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ရေရှည် တည်တံ့ နေစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို နယ်မြေဒေသ အလိုက် ဖွင့်လှစ် သင်ကြားပို့ချ လျက်ရှိရာ လာမည့် သြဂုတ်လတွင် ပုဂံ၊ မန္တလေး နှင့် အင်းလေးဒေသ တို့၌ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် များအား G လိုင်စင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ပုဂံ ၊ မန္တလေး နှင့် အင်းလေးဒေသ များတွင် G လိုင်စင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ် ပို့ချသွားရန် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းနှင့် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနတို့က စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းများကို ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လိုင်စင် ရရှိပြီး နှစ်နှစ်ပြည့် ဧည့်လမ်းညွှန် များအား ဝါရင့် ဧည့်လမ်းညွှန် ဆရာ၊ ဆရာမ များက သင်ကြားပို့ချ သွားမည် ဖြစ်ပြီး သင်တန်း ကာလမှာ သုံးပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

လက်ရှိတွင် ပုဂံ၊ မန္တလေးနှင့် အင်းလေးဒေသ တို့၌ သင်တန်းများ ဖွင့်လှစ် ပို့ချရန်အတွက် သက်ဆိုင်ရာ သင်ရိုး ညွှန်းတမ်းများကို ရေးဆွဲနေပြီး မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနတို့ ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ပုဂံဒေသတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် တစ်ရာကျော် ရှိနေပြီး ဝါရင့် ဧည့်လမ်းညွှန် များနှင့် ရက်တို မွမ်းမံ သင်တန်းငယ် များကို ဖွင့်လှစ် ပို့ချပေးခဲ့ သော်လည်း ယခုအခါ ပုဂံဒေသတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများ ထပ်မံ ဖွင့်လှစ်မှု မရှိသဖြင့် ပုဂံဒေသ ဆိုင်ရာ ဧည့်လမ်းညွှန် အချို့မှာ ရန်ကုန်မြို့သို့ သွားရောက်ကာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်းများ တက်ရောက် ကြရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို ၂ဝ၁၄ ခုနှစ် က လားရှိုး၊ မော်လမြိုင်နှင့် မိုးကုတ် ဒေသတို့၌ အများဆုံး ဖွင့်လှစ်ပို့ချ ပေးခဲ့သည်။ လွန်ခဲ့သည့် ဇွန်လ အတွင်းကလည်း ကျိုင်းတုံတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခဲ့သည်။

ယခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လကုန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လိုင်စင် ထုတ်ပေးပြီး ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်ပေါင်း ၃၉၆၅ ခုရှိနေပြီး ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လိုင်စင် ၁၁၈၈ ခုထိရှိ နေကြောင်း သိရသည်။ (၃၃၆)

#Themyawaydaily

No comments:

Post a Comment