Pages

Monday, July 27, 2015

မြန်မာနိုင်ငံဧရိယာ၏ ၅ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် တည်ထောင်ရန်နှင့် ရေရှည်တွင် ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် တည်ထောင်မည်



ရန်ကုန် ၊ ၂၇-၇-၂ဝ၁၅

မြန်မာနိုင်ငံ အတွင်းရှိ ဧရိယာ၏ ၅ ရာခိုင်နှုန်းကို သဘာဝနယ်မြေ အဖြစ် တည်ထောင်ရန်နှင့် ရေရှည်တွင် ၁ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် တည်ထောင် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သဘာဝနယ်မြေ အဖြစ် ဆောင်ရွက်မှုသည် ဇီဝမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ်မှုနှင့် ဂေဟစနစ် အတန်းအစား ကျဆင်းမှုများ လျော့နည်း စေရေးအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများကို မြန်မာနိုင်ငံ အတွင်း တိုးချဲ့ ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ ထင်ရှားသော အင်းလေးကန် ဒေသကိုလည်း ယခုနှစ် ဇွန် ၉ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု
အဖွဲ့ (UNESCO) ရုံးချုပ်၌ ပြုလုပ်သည့် အစည်းအဝေး တွင် လူသားနှင့်ဇီဝ အဝန်းနယ်မြေ အဖြစ် အတည်ပြု သတ်မှတ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဧရိယာ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိသော ဇီဝမျိုးကွဲများ တည်ရှိရာ နေရာခုနစ်ခု အထိရ ပြီး အဆိုပါ နယ်မြေများကို သဘာဝ နယ်မြေများ အဖြစ် ဖော်ဆောင် သွားမည် ဖြစ်သည်။ လက်ရှိ ယင်း အကောင်အထည် ဖော်မှုတွင် သယံဇာတများကို ကာကွယ် အုပ်ချုပ်မှုများ အပြင် ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေး ကိုပါ ဟန်ချက်ညီ အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး သဘာဝနယ်မြေ ဒေသများ အဖြစ် သတ်မှတ်ခြင်း ကြောင့် ယင်းဒေသ အတွင်းရှိ ဇီဝမျိုးကွဲများ အပြင် သစ်ခိုးထုတ်မှု များနှင့် ဂေဟစနစ်များ ကိုပါ ထိန်းချုပ် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် လာမည့်နှစ်တွင် မြန်မာနိုင်ငံ ၏ အကြီးဆုံးကန် တစ်ခုဖြစ်သည့် အင်းတော်ကြီး ကန်ကိုလည်း UNESCO စာရင်းဝင်ရန် ပြုလုပ်သွားမည် ဖြစ်သည်။ အင်းတော်ကြီးကန် ဒေသသည် ကမ္ဘာ့ရှားပါး တိရစ္ဆာန် စာရင်းဝင် မျောက်လွှဲကျော် မျိုးစိတ်များနှင့် အင်းတော်ကြီးကန် ဒေသ၌သာ နေထိုင် ကျက်စားသည့် ဒေသမျိုးရင်း ငါးမျိုးစိတ်များ တည်ရှိပြီး ရေတိမ် ဒေသများ ထိန်းသိမ်းရေး ကွန်ဗင်းရှင်းမှ ငှက်မျိုးစိတ် အမြောက်အမြား ရှင်သန် ပေါက်ပွားရာ ဒေသတစ်ခု အဖြစ် အမည်စာရင်း အဆိုပြု တင်သွင်း ထားသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment