Pages

Thursday, July 23, 2015

အကြီးတန်း မန်နေဂျာ ၇၀ ရာခိုင်နှုန်းက ၄င်းတို့၏ လုပ်ငန်းများတွင် စက်ရုပ်များအသုံးပြုရန် စိတ်အားထက်သန်နေ



ဝါရှင်တန် ၊ ၂၃-၇-၂၀၁၅

လုပ်ငန်းမျိုးစုံ တို့မှ မန်နေဂျာ ၇ဝ ရာခိုင်နှုန်း တို့က စက်ရုပ်များကို ၄င်းတို့၏ လုပ်ငန်းတွင် စိတ်ချလက်ချ အသုံးပြု သွားရန် စိတ်အားထက်သန် နေကြောင်း သိရှိ လာရသည်။

အဆင့်မြင့် စက်ရုပ်များသည် အုပ်ချုပ်ရေး လုပ်ငန်းများ၊ တယ်လီဖုန်း မှတစ်ဆင့် ပြန်လည် ဖြေကြား ပေးခြင်းများ၊ အီးမေးလ် ပို့ပေးခြင်း နှင့် ရုံးတွင်း အမှာစာများ ရေးသား နိုင်ကြ၍ မန်နေဂျာ ရာထူးများတွင် အသုံးပြုနိုင် ကြသည်ကို တွေ့ရှိလာ ရသည်။

စက်ရုပ်များတွင် နာမကျန်း ခွင့်ယူခြင်း၊ လုပ်သက် ခွင့်ယူခြင်း နှင့် တောင်းဆိုခြင်း တို့ လုံးဝမရှိ နိုင်သည့်အပြင် လစာ တိုးတောင်းခြင်း၊ ဆန္ဒပြခြင်း မျိုးလည်း လုံးဝ ထည့်တွက်စရာ မလို၍ စက်ရုံတွင် အသုံးပြု လိုသူများက အကြိုက်တွေ့ နေကြခြင်း ဖြစ်သည်။

စစ်တမ်း ပြုစုသူ များသည် စက်ရုံ၊ အလုပ်ရုံ များမှ မန်နေဂျာ ၂ဝဝ အား တွေ့ဆုံ မေးမြန်းခဲ့ရာ ၇ဝ ရာခိုင်နှုန်းက စက်ရုံများတွင် အသုံးပြုလို ကြပြီး ၄င်းတို့ထဲမှ ထက်ဝက်ကျော်က စက်ရုပ်များကို လူသားတို့ နေရာတွင် အစားထိုး အသုံးပြုရန် စိတ်မကောင်းမှု လုံးဝ မခံစားရကြောင်း ပြောဆိုသည်။

လူကြည့် များသော ရုပ်သံ အစီအစဉ် Being Human ဇာတ်လမ်းတွဲ များတွင် စက်ရုပ် ဇာတ်လိုက်များ အသုံးပြု လာခြင်းကို ကြည့်ခြင်းအားဖြင့် ခေတ်၏ တိုးတက်မှု တစ်ရပ်ကို တွေ့ရှိ နေရသည်။ မကြာမီတွင် လူသားတို့၏ အဆင့်မြင့် ပညာများဖြင့် တီထွင် ထုတ်လုပ် ထားသော စက်ရုပ်များက လူသားတို့၏ အလုပ်များကို ဝင်ရောက် နေရာလု လုပ်သော အရေးအခင်းများ မြင်တွေ့ဖွယ် ရှိကြောင်း ခန့်မှန်းထား ကြသည်။

သို့ဖြစ်၍ ဥပဒေရေးရာ ကျွမ်းကျင်သူ ရိုင်ယန်ကာလို က စက်ရုပ်များအား စီမံအုပ်ချုပ်ရန် အတွက် ဥပဒေများ လိုအပ်လာပြီ ဖြစ်ကြောင်း သတိပေး ပြောဆို လိုက်သည်။ အသိဉာဏ် အတုဖြင့် လှုပ်ရှားနေသော စက်ရုပ်များ တစ်နေ့တခြား ခေတ်စား လာနေ၍ ပြဿနာ မကြီးထွားမီ ကြိုကြို တင်တင်ဖြင့် စက်ရုပ် စည်းမျဉ်း ဥပဒေများ လုပ်ကိုင်ထား ကြရန်လည်း တောင်းဆို သွားသည်။

ကွန်ပျူတာ ပညာရှင် ပါမောက္ခ ရက်ဆဲလ် ကလည်း စက်ရုပ်များသည် နျူကလီးယား လက်နက် များကဲ့သို့ အန္တရာယ် ပေးလာနိုင်ကြောင်း ပြောပြပြီး စက်ရုပ် တစ်ရုပ်တွင် လူသားတို့ တီထွင်ပေး ထားသော အသိဉာဏ် အတုနှင့် ခွန်အားတို့ ပေါင်းစပ် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

No comments:

Post a Comment