Pages

Monday, July 6, 2015

အနုပညာတက္ကသိုလ် များတွင် တက်ရောက်လို သူများဝင်ခွင့် စတင်လျှောက်ထားနိုင်



ရန်ကုန် ၊ ၆-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ ဖွင့်လှစ်ထားသော အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် များတွင် တက်ရောက် လိုသူများ အနေဖြင့် ကျောင်းဝင်ခွင့် များကို လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ် များတွင် အထူးပြု ဘာသာရပ် ငါးခု၏ လေးနှစ်ဘွဲ့ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်ပြီး အထူးပြု ဘာသာရပ် ငါးခုအနက် ရုပ်ရှင်နှင့် ပြဇာတ်ပညာ အထူးပြု ဘွဲ့သင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ၌သာ တက်ရောက် နိုင်မည် ဖြစ်ကြောင်း၊ ဂီတပညာ အထူးပြု၊ သဘင်ပညာ အထူးပြု ၊ ပန်းချီပညာာ အထူးပြု နှင့် ပန်းပုပညာ အထူးပြု ဘာသာရပ် များ၏ လေးနှစ် ဘွဲ့သင်တန်း များကို ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့ရှိ အနုပညာ တက္ကသိုလ် များတွင် ဖွင့်လှစ် ပေးထားသည်။

ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့၌ရှိသော စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ သူများသည် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)သို့ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ချင်းပြည်နယ် တို့၌ရှိသော စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင် ခဲ့သူများသည် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) သို့လည်းကောင်း လျှောက်ထားပြီး တက်ရောက် ကြရမည် ဖြစ်သည်။

အနုပညာ တက္ကသိုလ် များတွင် တက်ရောက်ခွင့် ရရှိသော ကျောင်းသား၊ ကျောင်းသူ များသည် လေးနှစ်ဘွဲ့ သင်တန်းများ အောင်မြင်ပြီး ပါက ဝိဇ္ဇာဘွဲ့များကို အပ်နှင်းခြင်း ခံရမည် ဖြစ်ပြီး ဂုဏ်ထူးတန်း တက်ရောက်ရန် အရည်အချင်း ပြည့်မီပါက ငါးနှစ် တက်ရောက် ပြီးနောက် ဝိဇ္ဇာ ဂုဏ်ထူးတန်းဘွဲ့ များ ပေးအပ်မည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ဖုန်း- ဝ၁- ၅၉ဝ၂၅၂ နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) ဖုန်း-ဝ၂- ၅၄ဝ၁၈၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment