Pages

Wednesday, June 3, 2015

မိခင်လောင်းများအတွက်




မိခင်လောင်းများအတွက်

ကုလသမဂ္ဂ နိုင်ငံတကာ ကလေး သူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ဝေသော စာစောင်တွင် လူ့ကျန်းမာရေး အတွက် လိုအပ်သော အာဟာရထဲမှ ဗီတာမင်အေ၊ ဖောလစ်အက်စစ်၊ သံဓာတ်နှင့် အိုင်အိုဒင်းဓာတ် တို့၏ အရေးကြီးပုံကို အလေးထား ဖော်ပြထားသည်။

၎င်း ဗီတာမင်နှင့် သတ္တုဓာတ် အချို့၏ ကိုယ်ခန္ဓာ အတွက် လိုအပ်ချက်မှာ အနည်းငယ် မျှသာ ဖြစ်သော်လည်း ၄င်းဓာတ်များ ချို့တဲ့မှုကြောင့် လူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ် လာသည့် ပြောင်းလဲမှု အကျိုးဆက် တို့မှာ လူ့ဘဝကို ရောက်လာသည့် လူမမည် ကလေးငယ် များနှင့် လူသား အသိုင်းအဝိုင်း ကြီးတစ်ခုလုံး ကိုပါ မမျှော်လင့် လောက်အောင် ဒုက္ခရောက် စေသည်။

ကမ္ဘာပေါ်ရှိ ကလေးငယ် သန်းပေါင်း ၁၉ဝ ခန့်သည် ဗီတာမင် အေဓာတ် ချို့တဲ့ခြင်း ဝေဒနာကို ခံစားနေရပြီး ၄င်းတို့ထဲမှ တစ်နှစ်လျှင် ကလေးငယ်ပေါင်း နှစ်သိန်း ငါးသောင်းမှ ငါးသိန်းထိ ပြန်လည် ကုသ၍ မရအောင် မျက်စိကွယ် ရသည့် ဘဝ ရောက်ရသည်ဟု ဖော်ပြ ထားသည်။

လူတစ်ဦး တစ်နေ့တာ အတွက် ဗီတာမင် အေဓာတ် လိုအပ်ချက်သည် ၅ဝဝဝမှ ၇ဝဝဝ (I.U) မျှသာရှိသည်။ ပုံမှန်သွေးထဲ၌ ရှိရမည့် ပမာဏမှာ သွေးတစ်လီတာ တွင် ၅ဝမှ ၇ဝ(I.U) မျှသာ ဖြစ်သည်။ ကလေး ကိုယ်ဝန်ဆောင် ချိန်တွင် မိခင်လောင်း များသည် ဗီတာမင်အေ ကို တစ်နေ့လျှင် ယူနစ် ၅ဝဝဝ သို့မဟုတ် တစ်ပတ်လျှင် ယူနစ် နှစ်သောင်း စားသုံး ပေးခြင်းဖြင့် လုံလောက်သည်။

ကလေးမွေးပြီးစ မိခင်တစ်ဦးတွင် UNICEF က အခမဲ့ ပေးဝေသည့် ယူနစ် နှစ်သိန်းပါ ဗီတာမင်အေ ဆေးတောင့် တစ်လုံးစားပြီး တစ်လကြာ သောအခါ တစ်လုံး ထပ်စားပါ။ ထို့နောက် တစ်လကြာပြီး နောက်လများတွင် ယူနစ် ငါးထောင်ပါ ဗီတာမင် ဆေးပြားကို တစ်နေ့တစ်လုံး ကလေး ခြောက်လ အရွယ်ထိ စားသုံးရန် အကြံပြု ထားသည်။

သံဓာတ်နှင့် ဖောလစ်အက်စစ် ဓာတ်တို့သည် သွေးထဲရှိ ဟေမိုဂလိုဘင် ထုတ်လုပ်မှု အတွက် အလွန် အရေးကြီးသည့် လိုအပ်ချက် ဖြစ်ကြောင်း သိရပြီး လူတစ်ဦး၏ တစ်နေ့တာ အတွက် သံဓာတ် လိုအပ်ချက်မှာ ၁ဝ မှ ၃ဝ မီလီဂရမ် ဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၁ဝဝဝ ကျော် သို့မဟုတ် ကမ္ဘာ့ လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းခန့်မှာ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်း သည့်ဒဏ်ကို ခံစား နေကြရသည်။

အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း ကြောင့်လည်း လည်ပင်းကြီး ရောဂါ ဖြစ်စေသည့် အပြင် အိုင်အိုဒင်း ချို့တဲ့သော မိခင်မှ စံမမီသော၊ ဉာဏ်ရည် ဉာဏ်သွေး မမီသော ကလေးများ မွေးဖွားတတ်သည်။ ကမ္ဘာတစ်ဝန်း အိုင်အိုဒင်းဓာတ် ချို့တဲ့သော ဒေသများတွင် နေထိုင်သူ သန်းပေါင်း ၁ဝဝဝ ခန့်ရှိသည်။

သို့ဖြစ်ရာ အနာဂတ် နိုင်ငံတော်သစ်ကြီး တည်ဆောက်ရန် အတွက် ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သည့် လူတော် လူကောင်းများ ပေါ်ပေါက် လာစေရန် မွေးထုတ် ပေးရမည့် မိခင်လောင်း များတွင် အဆိုပါ အာဟာရဓာတ် များ အပြည့်အဝ ရှိရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment