Pages

Thursday, June 11, 2015

လှိုင်သာယာစက်မှုဇုန် အတွင်းရှိ စက်ရုံများမှ အာဆင်းနစ်ဓာတ် ထွက်ရှိမှုကို စစ်ဆေးသွားမည်



ရန်ကုန် ၊ ၁၁-၆-၂ဝ၁၅

လှိုင်သာယာ စက်မှုဇုန် ပတ်လည်ရှိ ရေမြောင်းများကို စစ်ဆေးရာတွင် အာဆင်းနစ် ဓာတ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ပြီးနောက် မည်သည့်စက်ရုံ များမှ ထွက်ရှိသည်ကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အရင်ဆုံး စက်မှုဇုန် ဘေးပတ်လည်မှာ ရှိတဲ့ ရေမြောင်းတွေကို စစ်ဆေးတယ်။ အဓိက ၁၃ နေရာမှာရှိတဲ့ ရေမြောင်း တွေကနေ ရေနမူနာတွေ ယူပြီးတော့ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ကနေ၂ဝ၁၅ ခုနှစ် ဧပြီလအထိ စစ်ဆေးပြီးတော့ အဲဒီရေ တွေထဲမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ အာဆင်းနစ်ဓာတ် ပါဝင်တယ် ဆိုတာကို အတည်ပြုတယ်။ နောက်ပိုင်းမှာ လှိုင်သာယာ အနီးတစ်ဝိုက် က မြစ်ချောင်းတွေကို စစ်ဆေးတဲ့ အခါမှာ အာဆင်းနစ် လို အရာမျိုးတွေ ထပ်တွေ့တယ်။ အဲဒီအတွက် အခု ဘယ်စက်ရုံက ဒီလိုဓာတ်မျိုး ထွက်တယ် ဆိုတာကို ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အခုလို လှိုင်သာယာ စက်မှုဇုန် အနီးအနားက မြစ်ချောင်းက ရေတွေကို စစ်ဆေးဖို့ အတွက် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာပါ။ စမ်းသပ်တဲ့ ရေနမူနာ တွေကို စိမ်းလန်း အမိမြေဖွံ့ဖြိုး တိုးတက်ရေး အသင်း ဓာတ်ခွဲခန်း မှာပဲ စမ်းသပ်စစ်ဆေး တာပါ''ဟု ၄င်းက ပြောသည်။

အဆိုပါ အာဆင်းနစ်ဓာတ် ကို ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး၊ အိမ်သုတ်ဆေးများ၊ မှန်အနောက်၊ ကြွေရည်သုတ် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ ရှိသည်။ အာဆင်းနစ်ဓာတ် ပါဝင်သော ရေများမှာ နောက်ကျိခြင်း၊ နိုက်ထရိုက် ပမာဏများခြင်း၊ သံဓာတ်ပမာဏ များခြင်းနှင့် ကလိုရိုက် နှင့် ရေစေးမှု ပမာဏများခြင်း များတွ့ရှိရပြီး အဆိုပါရေ များကို သောက်သုံးမိပါက ပါးစပ်၊ အစာမျို၊ ရေမျို၊ အသံအိုး နှင့် ဆီးအိမ်ကင်ဆာ ရောဂါများ ဖြစ်ပွားကြောင်း သိရသည်။

''စက်ရုံ၊ အလုပ်ရုံ တွေရဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကို အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှသာ အဆင်ပြေမှာပါ။ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုန်ကျစရိတ် တွေက အနည်းဆုံး
ငွေကျပ် သိန်း ၁ဝဝ လောက် ကနေစပြီး သုံးစွဲမှ အဆင်ပြေ ပါလိမ့်မယ်။ ကုန်ကျစရိတ်တွေ အလွန်များ ပါတယ်။ အခုဆိုရင် စက်မှုဇုန် တွေကို ဘေး ပတ်ဝန်းကျင် ကနေ တိုင်ကြားမှုတွေ ပြုလုပ်နေကြ ပါတယ်။ အဲဒီ အတွက်လည်း ဌာနဆိုင်ရာ တွေနဲ့ ညှိနှိုင်း ပူးပေါင်းပြီးတော့ အရေးယူမှုတွေ လုပ်နေပါတယ်'' ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ က ပြောသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment