Pages

Friday, May 22, 2015

နှစ်ပေါင်း ၁၇၀၀ ခန့်ရှိ ပျူကျောက်စာ ကို သာစည်မြို့နယ် တွင်တွေ့ရှိ



သာစည် ၊ ၂၂-၅-၂၀၁၅

သာစည်မြို့နယ် အုတ်တွင်း ကျေးရွာအုပ်စု ဆင်ရွာ အနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၇ဝဝ ခန့်က ပျူကျောက်စာ တစ်ချပ် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်စာကို ၂ဝ၁၂ ခုနှစ်က ကိုထူးနှင့် မသန်းမေပိုင် ယာခင်းအတွင်း ထယ်ထိုးစဉ်မှ စတင် တွေ့ရှိခဲ့ပြီး ထိုကျောက်စာကို အဝတ်လျှော် ကျောက်တုံး အဖြစ် အသုံးပြုရန် ရွာသို့ သယ်လာခဲ့ကြောင်း၊ ထို့နောက် စာများပါ သဖြင့် အသုံးမပြုဘဲ ထားခဲ့ကြောင်း၊ စတွေ့သည့် နေရာမှာ သာစည်မြို့နယ် နှင့် ဝမ်းတွင်း မြို့နယ်ကြား ရူပါတောင်ခြေ သစ်တောစခန်း သာစည်မြို့မှ အရှေ့ဘက် သုံးမိုင်ခန့် အကွာတွင် ရှိကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

အဆိုပါ ရွာနေ ဦးကျော်ကျော်ဟိန်း၊ ဦးစိုးအောင်၊ ဦးတင်ထွန်းအောင် တို့က ဆရာကြီး ဦးဝင်းမောင် (တမ္ပဝတီ) ထံ အကြောင်းကြား ခဲ့ကြောင်း၊ ဆရာကြီး ဦးဝင်းမောင် က မေ ၂ဝ ရက်က သွားရောက် လေ့လာခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၁၇ဝဝ ခန့်က ပျူကျောက်စာ တစ်ချပ် ဖြစ်ကြောင်း၊ ကျောက်စာ အမြင့်မှာ မူလက ခြောက်ပေခန့် ရှိနိုင်ကြောင်း၊ ယခု တွေ့ရှိမှုအရ အမြင့် ၄ ပေ ၉ လက်မ၊ ဗြက် ၂ ပေ ၉ လက်မ၊ အထူ ၈ လက်မရှိ တစ်ဖက်ထိုး ပျူကျောက်စာ တစ်ချပ်ဖြစ်ကြောင်း ပျူစာ ရှစ်ကြောင်းခန့် ပါရှိကြောင်း၊ မြစ်သားမြို့ ပေတောကျောင်း တွင် ထိန်းသိမ်း ထားသော စောလူးမင်း ပျူကျောက်စာ ထက် နှစ်ပေါင်း ၇ဝဝ ခန့်စောပြီး မြစ်သားမြို့ ရွှေမုဋ္ဌော ဘုရားတွင် ထိန်းသိမ်း ထားသော ''မြနဒီ'' ပျူကျောက်စာ နှင့် ခေတ်ပြိုင် ဖြစ်နိုင်ကြောင်း၊ ရေးထိုးထားသော အက္ခရာ ပုံစံများ အရ သုံးသပ်မိကြောင်း ဆရာကြီး ဦးဝင်းမောင် က ပြောပြသည်။

အဆိုပါ ကျောက်စာကို ပညာရှင်အချို့ ဆက်လက် လေ့လာနေဆဲ ဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြား ထားပြီး၊ ၄င်း ကျောက်စာချပ်ကို ဆင်ရွာ ဘုန်းတော်ကြီး ကျောင်းတွင် ထိန်းသိမ်း ထားကြောင်း ဆင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် က ပြောပြ၍ သိရသည်။

ရွှေရည်ဦး (မြစ်သား)

#Yadanarpondaily

No comments:

Post a Comment