Pages

Thursday, May 21, 2015

လူနာတင်ယာဉ်ပုံစံတူ ကားများဖြင့် ညအချိန် သစ်မှောင်ခိုကူးသူများရှိနေ



မုံရွာ ၊ ၂၁-၅-၂၀၁၅

အလျားခြောက်ပေ၊ ဗြက်သုံးပေ၊ ထု ရှစ်လက်မ အရွယ်အစားရှိ ပိတောက် သစ်ခွဲခြမ်း များကို " လူနာအရွယ်ဆိုဒ် " ဟု တရားမဝင် သစ်လုပ်ကိုင် သူများက ခေါ်ဝေါ်သုံးစွဲလေ့ ရှိကြောင်း သိရသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲ ရခြင်းသည် ၄င်း အရွယ်အစားရှိ ပိတောက် သစ်ခွဲခြမ်းသား များကို လူနာတင်ယာဉ် အဖြစ် ပုံစံတူ ပြုလုပ်ထားသော ကားဖြင့် မုံရွာမြို့နယ် အတွင်းမှ ညအချိန်များ၌ ဖြတ်သန်းကာ မန္တလေးမြို့ ဘက်သို့ တရားမဝင် သယ်ဆောင် နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

'' တစ်ခေါက် သယ်ဆောင်ရင် အနည်းဆုံး အဲ့ဒီလို သစ်သုံးချပ် ပါတယ်။ တချို့လဲ လူနာအောက် ကနေခင်းပြီး မန္တလေးဘက်ကို သယ်ယူနေတာပါ '' ဟု ကနီမြို့နယ် အတွင်းရှိ သစ်လုပ်ငန်း လုပ်ကိုင်သူနှင့် နီးစပ်သူ ဒေသခံ ပြည်သူတစ်ဦး က ပြောပြသည်။

အများပြည်သူ၏ ကျန်းမာရေး ဝန်ဆောင်မှု ပေးသော လူနာတင်ယာဉ် အများစုသည် စိတ်ရင်း စေတနာမှန်ဖြင့် ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသော သူများကို နေ့ရောညပါ ကူညီပေးလျက် ရှိသည်။ ထိုသို့သော လူနာတင်ယာဉ် များကဲ့သို့ ပုံစံတူ ပြုလုပ်ထားသည့် လူနာတင်ယာဉ် အချို့သည် လူနာကို အကြောင်းပြ၍ လူနာ လိုက်ပါလာသည့် နေရာအောက်မှ ပြည်ပဈေးကွက်ဝင် ပိတောက် သစ်ခွဲခြမ်း များကို ခင်းကျင်းကာ တရားမဝင် သယ်ယူပို့ဆောင် နေခြင်း ဖြစ်ကြောင်း အဆိုပါ လူနာတင်ယာဉ် (အတု)နှင့် နီးစပ်သူများ၏ ပြောပြချက်များ အရ သိရသည်။

အဆိုပါ လူနာအရွယ်ဆိုဒ် (ပုံ) ပိတောက် သစ်ခွဲခြမ်း များသည် သစ်ခွဲခြမ်းများ၏ မျက်နှာပြင် ပေါ်၌ ပါရှိသော အပွေးအကွက် နှင့် အနာအဆာများ ပေါ်မူတည်၍ ဈေးနှုန်းအနိမ့်၊ အမြင့်ရှိသည်။ အနာအဆာ ကင်း၍ အကြောရှင်းကာ ပွေးကွက်များ မဟုတ်ဘဲ လုံချည်၊ ပုဆိုးကဲ့သို့ ချိတ်ကွက်များ ပါရှိပါက အဆိုပါ သစ်တစ်ချပ်လျှင် မန္တလေး ဈေးကွက်၏ ဈေးနှုန်းများ အရ ငွေကျပ် သိန်းခုနစ်ဆယ် အထက်၌ ရောင်းချရကြောင်း သိရသည်။ ၄င်း သစ်တစ်ချပ်၏ မန္တလေး အရောက် သယ်ယူ ပို့ဆောင်ခ နှုန်းမှာ ငွေကျပ် ဆယ်သိန်း မှ ဆယ့်နှစ်သိန်း ဖြစ်သည်ဟု သတင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily

No comments:

Post a Comment