Pages

Saturday, May 2, 2015

ဆန်အကောင်းစား ရောဂါများမည်


ဆန်အကောင်းစား ရောဂါများမည်

ကြည်မြင့်လွင် (မုဒြာ)

ရှေးကမြန်မာ ဆေးဆရာကြီး များသည် လူနာများကို ကောက်ငယ် မျိုးစပါးနှင့် ကောက်လတ် မျိုးစပါးတို့မှ ထွက်သော အဆီအစေး နည်းသည့် ဖွယ်ကြမ်းသော ဆန်မျိုးကို ဓာတ်စာအဖြစ် စားစေသည်။ ကောက်ကြီး စပါးမျိုးမှ ထွက်သော အဆီအစေး များသည့် ဆန်ကို မစားစေဘဲ ရှောင်ကြဉ် စေသည်။

စပါးသုံးမျိုး တစ်နည်းအားဖြင့် ကောက်သုံးမျိုး ရှိရာအမျိုးအစား(၁) ကောက်ငယ်မျိုး ဆိုသည်မှာ သုံးလကြာလျှင် ရင့်မှည့်ပြီး ရိတ်သိမ်းရသော အမျိုးဖြစ်သည်။ ထိုစပါးမျိုးမှ ဆန်သည် အဆီအစေး နည်း၍ ကြေလွယ်သည် ဟု ဆိုသည်။ ဆန်ကြမ်း သဘောမျိုး ဖြစ်သည်။ အဆီဓာတ် နည်းသဖြင့် ခန္ဓာကိုယ် အတွင်း အဆီစုခြင်း၊ အသည်း အဆီဖုံးခြင်း မဖြစ်စေ နိုင်ပေ။

အမျိုးအစား(၂) ဖြစ်သော ကောက်လတ် မျိုးစပါးသည် မျိုးစေ့ စိုက်ပျိုးရာမှ ခြောက်လ ကြာသောအခါ ရိတ်သိမ်းရသော သက်လတ် စပါးမျိုး ဖြစ်သည်။ အဆီအစေး အနည်းငယ် ရှိသည်။ ဆန်မှာအမာ၊ အပျော့ အလယ်အလတ် တန်းစား ရှိသည်။ ရောဂါမရှိသော လူလတ်ပိုင်း ၊ လူကြီးပိုင်း များနှင့် သင့်တော်သည်။

နံပါတ်(၃) အမျိုးအစား ဖြစ်သော ကောက်ကြီးမျိုး ခေါ် သက်ကြီး စပါးမျိုးမှာ စိုက်ပျိုးပြီး ရှစ်လခန့်ကြာမှ ရိတ်သိမ်းရသော စပါးမျိုး ဖြစ်သည်။ ဆန်၏ အရသာ ပြည့်ဝကာ အဆီအစေး များလျက် ဆိမ့်သော၊ ချိုသော အရသာ ရှိသည်။ 

ဆေးပညာ အမြင်အားဖြင့် သီတ ပထဝီ၊ အာပေါဓာတ် များ၊ အအေးအဖွဲ့ ဓာတ်များ ပါဝင်သော ဆန်မျိုးဖြစ်သည်။ အားနည်း သူ၊ ခွန်အား ယုတ်လျော့သူ များနှင့် သင့်သည်ဟု ဆိုသော်လည်း ပင်ကို ရုပ်ဝဖြိုးစို ပြည်သူ တစ်နည်းအားဖြင့် အဆီများသူ၊ ဝဖြိုးသော ခန္ဓာကိုယ် ရှိသူများနှင့် မသင့်တော်ပေ။ မူလအခံဓာတ်နှင့် နေ့စဉ်စားသော ဆန်မှ အဆီအစေး၊ အအေးဓာတ်များ ပေါင်းဆုံမိလျှင် ရောဂါဝင်လာ နိုင်သည်။ အသည်း အဆီဖုံး၊ သွေးတိုး၊ ဆီးချို ရောဂါတို့ ဖိတ်ခေါ် သကဲ့သို့ ဖြစ်စေနိုင်သည်။

မိတ်ဆွေ မိသားစု တစ်စုတွင် ဆီးချိုရောဂါ ရှိသူ ဖခင်တစ်ဦး ရှိသည်။ ထိုသူသည် ဆီးချိုရောဂါ ဆေးများ ပုံမှန်စားသုံး သော်လည်း မကြာခဏ ဆီးချိုတက်ပြီး နေမကောင်း ဖြစ်သည်။ မိသားစု စားသုံးသော ဆန်မှာ ဧရာဝတီတိုင်း ဒေသကြီးမှ လာသော ပေါ်ဆန်းမွှေး အကောင်းစား ဖြစ်သည်။ ဆီးချိုရောဂါ ရှိသူအတွက် အထက် မြန်မာပြည်မှ ထွက်သော မဂျမ်းတော ဆန်ကို သီးခြားချက်ကျွေး ခိုင်းသောအခါ ဆီးချိုအတက် သက်သာ လာသည်ကို တွေ့ရသည်။

ရှေးက ဆရာကြီး များသည် ဓာတ်စာအတွက် ဆန်စပါး အမျိုးအစား ခွဲခြားပေးကြ ရာတွင် (၁)ရေစပါးနှင့် (၂) ကုန်းစပါး ဟူ၍ ခွဲခြား ပေးကြသည်။ ရေစပါး၌ နူးညံ့ပထဝီနှင့် အာပေါလွန်သော သဘော ရှိသည်။ လူကိုအားတိုး စေသော်လည်း ပွစေသော၊ ဖောရောင် စေသော သဘော ရှိသည်။ အေးဖွဲ့သော သဘောရှိ၍ အအေးလွန်သော ရောဂါမျိုးနှင့် မသင့်ပေ။ ဆီးချို၊ သွေးချို သမားများနှင့် မသင့်သော ဆန်မျိုး ဖြစ်သည်။

နံပါတ်(၂) အမျိုးအစား ဖြစ်သော ကုန်းစပါး၌ ခက်မာပထဝီနှင့် အာကာသ လွန်သော သဘောရှိသည်။ မာကြမ်းသော သဘောရှိသည်။ အစာကြေခဲ သော်လည်း အစေးဓာတ်၊ အပိတ် အဖွဲ့ဓာတ် မပါရှိသဖြင့် နှလုံးသွေးကြော ပိတ်ရောဂါ နှင့် သွေးချို၊ ဆီးချိုသမား များနှင့် သင့်သည်။

ထို့ထက်ပို၍ ရောဂါအမျိုးမျိုး နှင့် သင့်သော ဆန်မှာ လုံးတီးဆန် ဖြစ်သည်။ ဖွဲနုမကုန်သော ဆန်မျိုးဖြစ်၍ အာဟာရလည်း ပြည့်ဝသည်။ ဖွဲနုပါသော လုံးတီးဆန်မှာ သီတနှင့် ဥဏှ၊ ပထဝီ၊ အာပေါ၊ ဝါယော၊ အာကာသဓာတ် ငါးပါးမျှ၍ အကောင်းဆုံး ဖြစ်သည်ဟု သဘာဝဓမ္မ အလင်းပြကျမ်း က ဆိုသည်။ စက်ကြိတ်ဆန် များတွင် ဖွဲနုကို သီးခြားခွဲထုတ် လိုက်ပြီး တိရစ္ဆာ န် ကျွေးရန် အစာအဖြစ် အသုံးပြု ကြသည်။ ဖွဲနုမှာ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းရန် အတွက် အလွန် အကျိုးပြုသော အာဟာရ ဖြစ်ကြောင်း တင်ပြလိုက်ရ ပေသည်။

#Themyawadydaily

No comments:

Post a Comment