Pages

Monday, May 18, 2015

နှစ်နှစ်ဆက်တိုက် ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ် ခဲ့သော ပြည်တွင်းရော်ဘာ ဈေးနှုန်း ပြန်လည်မြင့်တက်လာ



ရန်ကုန် ၊ ၁၈-၅-၂ဝ၁၅

နှစ်နှစ်ဆက်တိုက် ဈေးနှုန်း ကျဆင်းမှု ဖြစ်ပေါ်ခဲ့သော ပြည်တွင်း ရော်ဘာ ဈေးနှုန်းသည် ယခုနှစ် မေလအတွင်း တစ်ပေါင်လျှင် ငွေကျပ် ၇ဝဝ သို့ ဈေးမြင့်ခဲ့ပြီး အမြင့်ဈေး၌ ဆက်လက် ရပ်တည် နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်း မှ သိရသည်။

ပြီးခဲ့သည့် နှစ်များက ပြည်တွင်း ရော်ဘာ ဈေးနှုန်းသည် တစ်ပေါင်လျှင် ငွေကျပ်  ၅ဝဝ၊ ၆ဝဝ ဝန်းကျင်သာ ဈေးရှိခဲ့ပြီး လက်ရှိ ဈေးနှုန်းမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းမှ ယခု အချိန်အထိ အမြင့်ဆုံးဈေး ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် များက ဈေးနှုန်း မြင့်တက်လျှင် တစ်ရက်၊ နှစ်ရက် ခန့်သာ မြင့်တက်လေ့ ရှိသော်လည်း ယခု အချိန်တွင် အမြင့်ဈေး ဖြင့်ပင် တည်ငြိမ် နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းလည်း မြင့်တက်နေပြီး ကမ္ဘာ့ရော်ဘာ ပေါက်ဈေးမှာ ယခင်က RSS 3 အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၁၆ဝဝ ဝန်းကျင်ရှိရာမှ ယခုအခါ ဒေါ်လာ ၁၈ဝဝ အထိ မြင့်တက် လာခဲ့ခြင်း ဖြစ်ကာ ပြည်တွင်း၌ RSS 3 အမျိုးအစား တစ်ပေါင်လျှင် ငွေကျပ် ၅ဝဝ၊ ၆ဝဝ ဝန်းကျင်မှ ယခုအခါ ငွေကျပ် ၇ဝဝ အထိ မြင့်တက် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် အတွင်းက ရော်ဘာဈေးနှုန်း ကျဆင်းခဲ့သည့် အတွက် ရော်ဘာခြံငယ် လုပ်ငန်းရှင် တချို့မှာ ခြံပိတ်ရာသီ မတိုင်မီ ခြံပိတ်ကာ အစေး လှီးရပ်နားမှုများ ရှိခဲ့သော်လည်း ရော်ဘာဈေး ပြန်လည် မြင့်တက် လာသည့်အတွက် လက်ရှိ လုပ်နေသည့် ခြံများ အနေဖြင့် အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment