Pages

Wednesday, May 20, 2015

တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၀-၅-၂၀၁၅

၂ဝ၁၅ ခုနှစ် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည် ပြပွဲကြီးကို မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းနှင့် Minh Vi Exhibition & Advertisements Service Co., Ltd. ပူးပေါင်း၍ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''အခုလို ဆေးဝါးကုန်စည် ပြပွဲတွေ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက် က မြန်မာနိုင်ငံ အတွင်းမှာ ဆေးလောက ပိုမိုတိုးတက်ဖို့ နဲ့ ပြည်ပက ဆေးကုမ္ပဏီတွေ မြန်မာနိုင်ငံ  အတွင်းမှာ ပိုမို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီပွဲကို ပြုလုပ်တာပါ။ ဒီပွဲမှာ ထူးခြားချက် အနေနဲ့ ကမ္ဘောဒီးယား မှာ ပြုလုပ်မယ့် ဆေးဝါးပြပွဲ တစ်ခုကို ချိတ်ဆက်ပြီး လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ က ပြောသည်။

အဆိုပါ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲတွင် တရုတ်၊ တိုင်ဝမ်၊ ဂျာမနီ၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ နာမည်ကြီး ဆေးကုမ္ပဏီ များနှင့် ဆေးရုံကြီး များမှ လာရောက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းပြပွဲတွင် နိုင်ငံတကာမှ ပြခန်း ၁၂ဝ နှင့် ကုန်သည်ပေါင်း ၂၅ဝဝ တို့က လာရောက် ပြသကြမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်မည့် CAMBODIA PHAR-MED 2015  ဆေးနှင့် ဆေးကိရိယာ ပြပွဲကြီးနှင့် ချိတ်ဆက် ထားခြင်းကြောင့် ယခုပွဲတွင် ပြသမည့် ပြည်တွင်းရှိ ဆေးကုမ္ပဏီ များမှ ကမ္ဘောဒီးယား ပြပွဲတွင် သွားရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ ဆရာဝန်ကြီးများ နှင့် ဆေးကုမ္ပဏီ များ၏ တာဝန်ရှိသူ များမှ မြန်မာနိုင်ငံ ဆေးလောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment