Pages

Friday, May 22, 2015

မြန်မာ-ထိုင်း နယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်း ယခုနှစ်အတွင်း ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ


မြ၀တီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးဂိတ်

ရန်ကုန် ၊ ၂၂-၅-၂၀၁၅

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့နှင့် ထိစပ်နေသည့် ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတွင် နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခုထိ ဖွင့်လှစ်ကာ ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသတွင် နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခု ကို ယခုနှစ်အတွင်း ထပ်မံ ဖွင့်လှစ်နိုင်ရေး အတွက် စီမံ လုပ်ဆောင် နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရေး အတွက် စီမံလုပ်ကိုင် ဆောင်ရွက် နေသည့် နယ်စပ် ကုန်သွယ်ရေး စခန်းကို ကယားပြည်နယ်၊ မဲစဲဒေသတွင် ဖွင့်လှစ်ရန် စီမံလုပ်ဆောင် နေခြင်း ဖြစ်သည်။ အဆိုပါ မဲစဲနယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ရန် စီမံဆောင်ရွက် ရခြင်းမှာ ကယားပြည်နယ် ၏ ပို့ကုန်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် Project Plan များအရ ဆောင်ရွက်နေပြီး ကယားပြည်နယ် နှင့်ပြည်တွင်း ကုန်ပစ္စည်း များကို ကုန်သွယ်မှု မြှင့်တင် ဆောင်ရွက် နိုင်ရေးအတွက် အဆိုပါ မဲစဲ နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ရန် စီမံဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲစဲနယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်နိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဌာန၊ တာဝန်ရှိ သူများက ယခုနှစ် အတွင်း ဖွင့်လှစ်နိုင်ရေး အတွက် စီမံဆောင်ရွက် နေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်ရေး သဘောတူ ညီချက် စာချုပ်များကို ချုပ်ဆို ထားခဲ့ရာ ၁၉၉၄ ခုနှစ်တွင် မြန်မာ -အိန္ဒိယ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုကာ ၁၉၉၆ ခုနှစ်တွင် မြန်မာ- ထိုင်း နယ်စပ် ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ချုပ်ဆိုထားပြီး ဖြစ်သည်။  ထို့တူ ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာ- လာအို နယ်စပ် ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ထပ်မံချုပ် ဆိုခဲ့သည်။

အဆိုပါ သဘောတူ စာချုပ်များ အရ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခုထိ ဖွင့်လှစ်ကာ ကုန်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် နေသည့် နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှု ပြုလုပ် နေသည့် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းသည် ကုန်သွယ်မှု အများဆုံး လုပ်ကိုင် ဆောင်ရွက် နေရသည့် နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်း

#Yadanarpondaily

No comments:

Post a Comment