Pages

Tuesday, May 19, 2015

နိုင်ငံတော်၏ နှလုံးသား



နိုင်ငံတော်၏ နှလုံးသား

( ဖြိုးသက်ဟန် )

ဖွံ့ဖြိုးတိုးတက် လာနေသော နိုင်ငံများ နည်းတူ မိမိတို့ အမိမြန်မာနိုင်ငံ သည်လည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တစ်ဟုန်ထိုး ဆောင်ရွက် လာခဲ့ပြီ ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အညီ သတင်း မီဒီယာများ သည်လည်း အပြိုင် တိုးတက် လာပြီဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်ပြီးသော အနောက် ဥရောပ နိုင်ငံကြီး များသည် ကျယ်ပြန့်သော သတင်းမီဒီယာ များကို ကိုင်တွယ်၍ ဖွံ့ဖြိုးဆဲ နိုင်ငံငယ် များကို သြဇာ လွှမ်းမိုးအောင် မဟာ ဗျူဟာမြောက် ကြိုးစား လာကြပြီ ဖြစ်သည်။ ဤကဲ့သို့ပင် မြန်မာနိုင်ငံ အပေါ်တွင်လည်း သြဇာ လွှမ်းမိုးရန် အစိုးရနှင့် တပ်မတော် အပေါ် အမြဲတမ်း မကောင်းမြင် ရှုထောင့် (Negative View) ဖြင့် ရှုမြင် နေကြသည့် လူပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်း များကို မြှောက်ပင့်ပေး၍ ရည်ရွယ်ချက် ရှိရှိ အကွက်ချ စီစဉ်လျက် ရှိနေသည်။

တပ်မတော် ဆိုသည်မှာ နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ခေတ် အဆက်ဆက် ထမ်းဆောင် ခဲ့သော စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ သန္ဓေတည် ပေါက်ဖွားလာ ခဲ့ပြီး နယ်ချဲ့ အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန် တို့အား မရေမတွက် နိုင်လောက်သည့် အသက်ပေါင်း များစွာကို စတေးကာ တော်လှန် တိုက်ခိုက်၍ နိုင်ငံတော်၏ လွတ်လပ်ရေး ကို ရယူ ပေးခဲ့သည်။ မိမိတို့ တပ်မတော် သည် နိုင်ငံတော် အတွက် တစ်လက်မ မျှပင် ခြေချမခံဘဲ တိုက်စစ်ဆင် တိုက်ခိုက် ခဲ့သည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ အတွက် အချိန်ပြည့် တာဝန် ထမ်းဆောင်နေသော အဖွဲ့အစည်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိတို့ တပ်မတော် သည် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထား ၍ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ထာဝစဉ် ကာကွယ် စောင့်ရှောက်မည် ဟူသော စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်တို့ဖြင့် ဖွဲ့စည်းထားသော မျိုးချစ် တပ်မတော် ပင် ဖြစ်သည်။

လူတစ်ဦး ပဋိသန္ဓေ စသည့် အချိန်မှစ၍ ရှင်သန်မွေးဖွား လာခဲ့ပြီးသော ယင်းလူကို နောင်နှစ်ပေါင်း များစွာ အသက် ဆက်လက် ရှင်သန်တည်တံ့ ခိုင်မြဲရန် နှလုံးသားက နေ့ညမရွေး တစ်ချက်မှ မနားဘဲ အလုပ်လုပ်၍ အသက်ဆက် ရှင်စေခဲ့သည်။ ဤကဲ့သို့ပင် တပ်မတော်သည် နိုင်ငံတော် တစ်ခု စတင် ပေါ်ပေါက် လာရန်အတွက် အဓိက နေရာက ဆောင်ရွက် ခဲ့သည်။ ပေါ်ပေါက် လာခဲ့ပြီ ဆိုလျှင်လည်း တည်တံ့ခိုင်မြဲရန် နေ့ညမရွေး စွန့်လွှတ်ခြင်း ပေါင်းများစွာဖြင့် ပေးဆပ် အလုပ်လုပ် နေသော တပ်မတော် ပင် ဖြစ်သည်။ လူတစ်ဦးတွင် ရှိသော နှလုံးသားသည် ဆေးပညာအရ (Permanent Cell) အမျိုးအစား ပင် ဖြစ်သည်။ ပျက်စီးသွားလျှင် အစားထိုး လဲ၍မရ။ အသက်ဆုံးရှုံး သွားနိုင် ပေသည်။ ဤကဲ့သို့ပင် တပ်မတော်သည် နိုင်ငံတော်၏ အဓိက နှလုံးသား နေရာတွင် ရှိပါသည်။ တပ်မတော် ဆုံးရှုံးခဲ့လျှင် နိုင်ငံတော်၏ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ ဆုံးရှုံး၍ ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားနိုင် ပေသည်။

ထို့ကြောင့် အတွေးအခေါ် ပညာရှင် များက တပ်မတော်ကို နိုင်ငံတော်၏ နှလုံးသားဟု တင်စား ခေါ်ဝေါ်ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ အဓိက ဖြစ်သော အဖွဲ့အစည်းမှာ တပ်မတော် ဆိုသည်ကို သိကြသော အနောက် ဥရောပ နိုင်ငံကြီး တချို့က စစ်မတိုက်ဘဲ မိမိတို့၏ သြဇာခံနိုင်ငံ ဖြစ်လာအောင် ပြည်သူအများ ယုံမှား သံသယ ဝင်လာစေရန် ခေတ်နှင့်အညီ ဖွံ့ဖြိုး လာသော (Media) ဖြင့် တိုက်ခိုက် လာကြသည်။ အဓိက ပစ်မှတ် အဖြစ် တိုက်ခိုက်ခံ ရသည်မှာ တပ်မတော်သာ ဖြစ်လာခဲ့သည်။ အချို့သော ပြည်ပသတင်း မီဒီယာများက ပြည်တွင်း အတိုက်အခံ အဖွဲ့အစည်း အချို့နှင့် ပူးပေါင်းကာ မဟုတ်မမှန် သတင်းများကို ပုံကြီးချဲ့၍ ပြည်သူနှင့် တပ်မတော် စိတ်ဝမ်းကွဲအောင် ကြိုးစားလျက် ရှိသည်။ ပညာတတ် လူတန်းစား အချို့က အထက်ပါ သတင်းများကို နားမယောင် သော်လည်း အခြေခံ လူတန်းစား အများစုကို ပစ်မှတ်ထား၍ တပ်မတော် မုန်းတီးစေရန် လှုံ့ဆော်ဖန်တီး ပေးလျက်ရှိသည်။ အကယ်၍ တပ်မတော် သည် ပြည်သူများ၏ ယုံကြည်ချက် မရ၍ ပြိုကွဲပျက်စီး ခဲ့ပါက ၄င်း အနောက် နိုင်ငံကြီး အချို့က ၄င်း သစ္စာခံအချို့ကို အုပ်ချုပ်စေ၍ အပေါ်မှ လက်ဝါးကြီးအုပ် ခြယ်လှယ်စိုးမိုး တော့မည် ဖြစ်သည်။ ဤကဲ့သို့ ဖြစ်ပါက မိမိတို့ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သည်လည်း ပြိုကွဲရမည် ဖြစ်ပေသည်။ ဤသည်မှာ လက်နက် အင်အား မသုံးဘဲ အနုနည်းဖြင့် (Psy-war) ကိုသုံး၍ နိုင်ငံတစ်ခုကို မိမိနိုင်ငံ၏ သြဇာခံနိုင်ငံ ဖြစ်အောင် အကွက်ကျကျ ဖန်တီးနေသော အနောက် ဥရောပ နိုင်ငံကြီး အချို့၏ မဟာ ဗျူဟာပင် ဖြစ်ပေသည်။

''တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်'' ဆိုသော ဆောင်ပုဒ်အတိုင်း တပ်မတော်သည် မည်မျှပင် ပုတ်ခတ်မှုတွေ ရှိနေပါစေ နိုင်ငံတော်၏ အမျိုးသားရေး တာဝန်၊ ကာကွယ်ရေး တာဝန်များကို အသက်နှင့် ခန္ဓာ စွန့်လွှတ်၍ ထမ်းဆောင် နေမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် တပ်မတော် မကောင်းကြောင်း ပြောဆိုနေသော မီဒီယာများကို နားမထောင် ကြဘဲ ရှေ့တန်း စစ်မြေပြင်တွင် နိုင်ငံတော် ကာကွယ်ရေး အတွက်၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် အသက်ခန္ဓာကို စွန့်သွား ကြသော၊ မိသားစုနှင့် ဇနီး၊ သားသမီး များကို စွန့်သွား ကြသော၊ ကိုယ်လက်အင်္ဂါ များကို စွန့်သွား ကြသော တပ်မတော်သား များ၏ သစ္စာကို ယုံကြည် နားလည် ပေးရန် အလေးအနက် တိုက်တွန်း လိုပါသည်။

မည်မျှပင် ထိုးနှက် တိုက်ခိုက်ပါစေ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အင်တိုက် အားတိုက် လုပ်ဆောင်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် စေရန် ကြိုးပမ်းရင်း နိုင်ငံတော်၏ နှလုံးသား အဖြစ် ထာဝရ ဆက်လက် တည်ရှိ နေမည်သာ ဖြစ်ပေ တော့သည်။

ပြည်သူ့တပ်မတော်စာစဉ် အတွဲ(၅၁) အမှတ်(၃)

#Themyawadydaily

No comments:

Post a Comment