Pages

Monday, May 25, 2015

တံတားဦးမြို့နယ် သားများဘ ကျေးရွာ၌ သံခေတ်ယဉ်ကျေးမှု အထောက်အထားများ တွေ့ရှိ



တံတားဦး ၊ ၂၅-၅-၂၀၁၅

တံတားဦးမြို့ တောင်ဘက် ခုနစ်မိုင်ခန့် အကွာ သားများဘ ကျေးရွာ ရွှေမြင်တင် စေတီတော်၏ အနောက် မြောက်ဘက် တစ်ဖာလုံခန့် အကွာတွင် ရှိသော ဒေါ်ရင်စန်း ၏ လယ်ကွက် အတွင်းမှ မြေများတူးဖော် သယ်ဆောင်ရာမှ သံခေတ် ယဉ်ကျေးမှု အထောက်အထား များကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဒေါ်ရင်စန်းသည် မိမိပိုင် လယ်ကွက်အတွင်း မြေများကို ထော်လာဂျီ(ပုစဉ်းခေါင်း) တစ်စီးလျှင် ငွေကျပ် ၄ဝဝဝ နှုန်းဖြင့် ရောင်းချ နေသည်မှာ နှစ်နှစ်ခန့် ကြာမြင့်ပြီဟု သိရသည်။ ထိုသို့ မြေတူးခြင်းများ လုပ်ကိုင်နေစဉ် ၁ဝ ပေခန့် အနက်တွင် အရိုးစုများနှင့် မြေအိုးများ တွေ့ရှိ သောကြောင့် သားများဘ ကျေးရွာမှ ဦးမြင့်ဝေ က မေ ၂၃ ရက် နံနက်တွင် ၄င်း၏ မိတ်ဆွေများမှ တစ်ဆင့် သတင်းပေးခဲ့ရာ အင်းဝ ရှေးဟောင်း သုတေသနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း နှင့် တူးဖော်ရေး ပညာရှင်များသည် ၄င်းနေ့၌ပင် သားများဘ ကျေးရွာသို့ ကွင်းဆင်း လေ့လာခဲ့ ကြသည်။

ကွင်းဆင်း လေ့လာရာတွင် မြေအိုးများ၊ အိုးခြမ်းကွဲများ၊ သံလက်နက် ပစ္စည်းတစ်ခုနှင့် ကျောက်ဖြစ် ရုပ်ကြွင်းအချို့ ကို တွေ့ရှိခဲ့သည်။

တွေ့ရှိခဲ့သည့် မြေအိုးများနှင့် သံလက်နက် ပစ္စည်းမှာ သံခေတ် ယဉ်ကျေးမှု ပစ္စည်းများဟု ယူဆရကြောင်း တူးဖော်ရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။

ယခုကဲ့သို့ သံခေတ် ယဉ်ကျေးမှု ဟု ယူဆရသော အထောက်အထား များ တွေ့ရ သောကြောင့် အဆိုပါ မြေကွက်ကို စနစ်တကျ တူးဖော်မှုများ ပြုလုပ်ပါက ယခုထက် ပို၍ ခိုင်မာသော အထောက်အထား များတွေ့လာ နိုင်ကြောင်း တူးဖော်ရေး ပညာရှင်က ဆက်လက် ပြောကြားခဲ့သည်။ သံခေတ် ယဉ်ကျေးမှု အထောက်အထား များတွေ့ရသော မြေကွက်မှ မြေတူးခြင်း၊ မြေသယ်ခြင်း လုပ်ငန်းများ ဆက်လက်၍ မပြုလုပ်ကြရန် အတွက် တာဝန်ရှိ သူများက တားမြစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

လူသားတို့၏ သမိုင်းမတင်မီ ကာလကို ပညာရှင် များသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဟူ၍ ခွဲခြားလေ့လာ တင်ပြကြသည်။ မြန်မာနိုင်ငံ တွင်လည်း ထို ခေတ်သုံးခေတ်လုံး ထွန်းကား ခဲ့ကြောင်း လေ့လာတွေ့ရှိ ကြသည်။

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဟူ၍ အစဉ်အတိုင်း ထွန်းကား ခဲ့ကြသည်။  သံခေတ် ယဉ်ကျေးမှုနှင့် ပျူခေတ် ယဉ်ကျေးမှုသည် ဆက်နွှယ်လျက် ရှိပြီး သံခေတ် လူမှုအဖွဲ့အစည်းမှ တစ်ဆင့် ပျူ ယဉ်ကျေးမှု အခြေခံများ ပေါ်ပေါက် လာသည်။ ထို့ကြောင့် သံခေတ်၊ ပျူခေတ်၏ မြစ်ဖျားခံရာ ပျူတို့၏ မူလရင်းမြစ် ခေတ်တစ်ခေတ် ပင်ဖြစ်သည်။ သံခေတ် ယဉ်ကျေးမှု ဒေသကို အလယ်ပိုင်း ရှမ်းကုန်းပြင်မြင့် နှင့် ပဲခူးရိုးမ အကြားရှိ စမုံမြစ်ဝှမ်း ဒေသများ ၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်း ခရိုင်အတွင်းရှိ ကျေးရွာအချို့၊ မူးမြစ်ဝှမ်း ဒေသများ၊ ယင်းချောင်း လွင်ပြင်ဒေသ များတွင် တွေ့ရှိရသည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပ ပညာရှင်များက ပျူယဉ်ကျေးမှု မြစ်ဖျားခံရာသည် စမုံမြစ်ဝှမ်းရှိ သံခေတ်ဒေသများ ဖြစ်သည် ဟု ဆိုခဲ့သည်ကို တူးဖော်မှု သုတေသန မှတ်တမ်းများ အရ သိရသည်။

အင်းဝအထောက်တော်

#Yadanarpondaily

No comments:

Post a Comment