Pages

Friday, May 8, 2015

ရေ နှင့် စွမ်းအင်


ရေ နှင့် စွမ်းအင်

ရေနှင့်စွမ်းအင် သည် အပြန်အလှန် ဆက်စပ်မှု ရှိနေသည်။ ရေရရှိရန် စွမ်းအင် လိုအပ်သကဲ့သို့ စွမ်းအင် ရရှိရန်လည်း ရေလိုအပ်သည်။ ရေနှင့်စွမ်းအင် သည် အပြန်အလှန် အကျိုး သက်ရောက်မှု ရှိသည်။ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန် စသည့် နေရာများမှ ရေကိုရယူ သုံးစွဲရန် စွမ်းအင်စိုက်ထုတ် ရသကဲ့သို့ စွမ်းအင် အမျိုးမျိုး ထုတ်လုပ် ရာတွင်လည်း ရေကို အနည်းနှင့် အများ သုံးရသည်။

ရေရှားပါးသော ဒေသများရှိ လူများသည် ရေကို သယ်ယူရာတွင် ခရီးဝေးသည် နှင့်အမျှ စွမ်းအင် စိုက်ထုတ်ရမှု များသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အမျိုးသမီး များနှင့် ကလေးငယ် များသည် သန့်ရှင်းသော သောက်သုံးရေ ခပ်ယူရန် တစ်ရက်လျှင် ၃ ဒသမ ၆ မိုင်ခန့် ခရီးသွားကြ ရသည်ဟု ဆိုသည်။ ထိုသို့ လူနှင့် တိရစ္ဆာန်များ ရေကို ရယူရာတွင် စွမ်းအင် စိုက်ထုတ်နိုင်ရန် ခွန်အားရှိရန် လိုသည်။ ခွန်အားရှိရန် ရေနှင့် အစားအစာများကို စားသုံးကြ ရသည်။

ထို့ပြင် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ချိုးရေ၊ သုံးရေ နှင့် မိလ္လာရေ များလည်းလိုအပ်သည်။ လူတစ်ဦး ရှင်သန် ရပ်တည်နိုင်ရေး အတွက် တစ်ရက်လျှင် သောက်ရေ သုံးလီတာမှ လေးလီတာ၊ အစားအစာ အတွက် ရေနှစ်လီတာမှ သုံးလီတာ၊ သန့်ရှင်းရေး အတွက် ရေ ခြောက်လီတာမှ ခုနစ်လီတာ၊ ချိုးရေအတွက် ရေလီတာ၂ဝ လိုအပ်သည်။ ထို ပမာဏသည် လူတစ်ဦး စွမ်းအင် ရရှိရေးအတွက် သုံးစွဲရသော ပမာဏ ဖြစ်သည်။

ထိုသို့နေ့စဉ် လူတို့ အသက်ရှင် နေထိုင်ရေး အတွက် အရေးပါသည့် ရေကို လေလွင့် ပြုန်းတီးမှု မရှိစေရေး အလေးထား ကြရမည် ဖြစ်သည်။ ရေသုံးစွဲရာ၌ ခြိုးခြံချွေတာ သုံးစွဲရန် မလိုဘဲ ရေကို အလဟဿ မဖြုန်းတီးဘဲ အလေးထား သုံးစွဲတတ်ရန် လေ့ကျင့်ကြ ရမည်ဖြစ်သည်။ ရေရရှိရေး အတွက် စွမ်းအင်ကို အသုံးချရ၍ ရေကို စနစ်တကျ သုံးစွဲခြင်းဖြင့် စွမ်းအင်ပြုန်းတီး မှုကို လျော့ကျ စေနိုင်သည်။ စွမ်းအင် တစ်မျိုးဖြစ်သည့် လျှပ်စစ် စွမ်းအင်ကို ရေအားဖြင့် ထုတ်ယူနိုင်ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်၍ ရေကို ထိန်းသိမ်းရန် လိုသည်။

နျူကလီးယား စွမ်းအင် ထုတ်လုပ် ရာတွင်လည်း ရေကို အသုံးပြုပြီး ရေကို သုံးစွဲရန် လုံးဝမလိုဟု ယူဆထားသည့် နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူရာတွင် နေရောင်ခြည်ကို ဖမ်းယူသော Solar Pane များတွင် ကပ်နေသည့် ဖုန်မှုန့်များကို နေရောင်ခြည် အပြည့်အဝ စုစည်း ရရှိစေရန် အတွက် ရေဖြင့် မကြာခဏ ဆေးကြော ပေးရသည်။

သို့ဖြစ်ရာ ရေကို အလေးထား ခြင်းဖြင့် စွမ်းအင် သုံးစွဲမှုကို လျော့နည်း စေနိုင် သကဲ့သို့ စွမ်းအင် သုံးစွဲမှုကို အလေးထားခြင်း ဖြင့်လည်း ရေကုန်ကျမှုကို လျော့နည်း စေနိုင်သည်။ တစ်နည်း အားဖြင့် ဆိုရပါမူ ရေနှင့်စွမ်းအင် ကို အကျိုးရှိစွာ စနစ်တကျ သုံးစွဲခြင်းဖြင့် အစိမ်းရောင် စက်မှု လုပ်ငန်းများ ဖော်ဆောင် နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment