Pages

Sunday, May 3, 2015

စည်းကမ်းနှင့် ပညာရေး


စည်းကမ်းနှင့် ပညာရေး

အောင်မြင်မှု ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိအောင် ကြိုးပမ်း စွမ်းဆောင်ကြ ရာ၌ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရုံ သက်သက်ဖြင့် မရနိုင်ဘဲ ပညာဖြင့် မှန်ကန်စွာ စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြား ခွဲခြား သိမြင် ကြိုးပမ်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ပညာခေတ်တွင် ပညာဖြင့် ဝေဖန်ပိုင်းခြား သိမြင်စွမ်းဆောင် တတ်ရန် ပိုမို လိုအပ်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် လူတိုင်း ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ထိုမှတစ်ဆင့် မိမိတို့ ရည်မှန်းချက် များကို ပြီးမြောက် အောင်မြင်အောင် သီလ၊ သမာဓိ၊ ပညာဖြင့် စွမ်းဆောင် ကြိုးပမ်း အားထုတ်မှသာ အောင်မြင် နိုင်မည် ဖြစ်သည်။ အမျိုးသား ပညာရေးကို မြှင့်တင်ရာ၌ ပညာဟူသော စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြား သိမြင်နိုင်သည့် အလေ့အကျင့် ရရှိရန် သင်ကြား လေ့ကျင့် ပေးရန် လိုသည်။

ယနေ့ ပညာရေး လောကတွင် ပြုပြင်စရာ များစွာ ရှိနေသေးသည်။ မိဘ၊ ဆရာ၊ ကျောင်းသား အားလုံး ကိုယ်ကျင့်တရား ကောင်းမွန်ရေး ဦးစွာပထမ ကြိုးပမ်းကြ ရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် မိဘနှင့် ဆရာတို့ ကလည်း ပညာရေးတွင် စိတ်ဝင်စားရန် လိုသကဲ့သို့ ကျောင်းသား၊ ကျောင်းသူ များကလည်း ပညာကို လိုလားစွာ သင်ယူကြရန် လိုသည်။ အလွတ် ကျက်မှတ်၍ အောင်လက်မှတ် ရရုံအဆင့်မှ လုပ်ငန်းခွင် အတွင်းနှင့် ဘဝ တစ်သက်တာ အတွက် လူမှုစီးပွား ဘဝနှင့် ပြဿနာ အရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းရှိသော လူချွန် လူကောင်းများ ဖြစ်လာစေရေး ပျိုးထောင်ပေးရန် လိုသည်။

ထို့ကြောင့် အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဟူသော ဆောင်ပုဒ်နှင့် အညီ ကိုယ်ကျင့်တရား ကောင်းရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ အကျင စာရိတ္တ ကောင်းမွန်ရေး နှင့် စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်မည့် ဉာဏ်ပညာများ ဖွံ့ဖြိုး လာစေနိုင်မည့် ဘာသာရပ် များနှင့် သင်ကြား လေ့ကျင့်သည့် နည်းစနစ် များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက် နေခြင်း ဖြစ်သည်။

ကောင်းမွန်သော လူ့အဖွဲ့အစည်း များကို လေ့လာပါက စည်းကမ်း ဥပဒေကို အထူး လိုက်နာကြကြောင်း လေ့လာတွေ့ရှိ ရသည်။ စည်းကမ်း၊ ဥပဒေကို လေးစားလိုက်နာ ကြသောကြောင့် တရား ဥပဒေ စိုးမိုး၍ နိုင်ငံတော် အေးချမ်း သာယာစေသည်။ နိုင်ငံတော် အေးချမ်း သာယာမှုနှင့် အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု များလည်း လျင်မြန် လာသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာ၌ စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်စွမ်းရှိသည့် နိုင်ငံစွမ်းအား အရင်းအမြစ် များဖြင့် တည်ဆောက် ရသည်။

သို့ဖြစ်ရာ စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်စွမ်းရှိစေရန် ပညာရေးကို မြှင့်တင်ရမည်။ လူ့စွမ်းအား အရင်းအမြစ် များကို မွေးထုတ်ပေး ရမည်။ ထို့အတူ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အေးချမ်းစွာ ဆောင်ရွက် နိုင်ရန် စည်းကမ်း၊ ဥပဒေကို လေးစား လိုက်နာသော ပြည်သူများ ဖြစ်လာ စေရန်လည်း လေ့ကျင့်ပြုစု ပျိုးထောင်သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment