Pages

Wednesday, May 27, 2015

မြန်မာ့ပင်လယ်ပြင်တွင် ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များအနက် လူ ၂၀၀ သည် ငယ်ရွယ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂၇-၅-၂၀၁၅

ရန်ကုန်မြို့၌ ခေတ္တ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် များ၏ ရခိုင်ပြည်နယ် ပူးတွဲခရီးစဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာရုံးမှ သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စ ရီနာတာ လော့ဒမ်ဆလီယမ် နှင့် ကုလသမဂ္ဂ အေဂျင်စီ ကိုယ်စားလှယ် များသည် မေ ၂၂ ရက်တွင် ရခိုင်ပြည်နယ် သို့ သွားရောက် ခဲ့ပါကြောင်း၊ ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း လက်ရှိ ဖြစ်ပေါ်နေသော လှေစီး ဒုက္ခသည်များ ကိစ္စတွင် ရခိုင်ပြည်နယ်၏ လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေအနေ တို့ကို ကြည့်ရှုရန် အတွက် သွားရောက်ခြင်း ဖြစ်ပါကြောင်း။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ခဲ့ပါကြောင်း၊ လှေစီး ဒုက္ခသည် များကို ခေတ္တ စောင့်ရှောက် ထားသည့် အလယ်သံကျော် ကျေးရွာသို့လည်း သွားရောက် ခဲ့ပါကြောင်း၊ မေ ၂၁ ရက်တွင် မြန်မာ့ ပင်လယ်ပြင်၌ ရွှေ့ပြောင်း သွားလာသူ ၂ဝဝ ကျော်ကို ကယ်ဆယ်ခဲ့သည့် အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ကို ကုလသမဂ္ဂ အနေဖြင့် ချီးမွမ်းပါကြောင်း၊ အဆိုပါ ရွှေ့ပြောင်း သွားလာသူများ အနက် ၂ဝဝ မှာ ငယ်ရွယ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားများ ဖြစ်ပြီး ကျန်သည့် ၁၉ ဦးမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြား ရှိသူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ၄င်းတို့ကို မြန်မာ့ တပ်မတော် (ရေ) မှ ခေါ်ဆောင် လာခဲ့ပြီး မြန်မာအစိုးရ ၊ ဒေသလူမှု အသိုက်အဝန်း နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များ၏ အကူအညီဖြင့် အစားအစာ၊ ရေ နှင့်  ယာယီ နေထိုင်ရန် စီစဉ် ပေးထားကြောင်း။

ခိုကိုးရာမဲ့ ဖြစ်နေသူ များကို မည်သည့် နိုင်ငံသားပင် ဖြစ်စေ အထူး ဂရုတစိုက်ဖြင့် ကယ်ဆယ် ခဲ့သည်ကို မစ္စတာ နမ်ဘီးယား အနေဖြင့် အသိအမှတ် ပြုပါကြောင်း၊ ပင်လယ်ပြင်၌ ဒုက္ခရောက် နေသည့်သူ များစွာ ရှိနေသည်ဟု ယုံကြည်ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် မြန်မာအစိုးရကို တိုက်တွန်း ပါကြောင်း ၊မြန်မာနိုင်ငံ အပြင် ပိုမို ကျယ်ပြန့်သည့် ဒေသအတွင်း၌ လူမှောင်ခိုမှု၊ လူကုန်ကူးမှု နှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှု အခြေအနေ၏ အရေးကြီးမှုကို နှစ်ဖက် ဆွေးနွေးခဲ့ ပါကြောင်း ၊ ဒေသတစ်ခုလုံး အတွင်း အလားတူ ဖြစ်စဉ်များတွင် အဆိုပါ ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် ပွဲစားများ၊ ဤသို့ ဆောင်ရွက် ကျူးလွန်မှုများ ပြုလုပ်သည့် ရာဇဝတ်ဂိုဏ်း များကို အရေးယူရေး ကို ကြိုးပမ်းသွားရန် လိုအပ်သည်ကို သဘောတူ ခဲ့ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို နိုင်ငံအတွင်းနှင့် ဒေသအဆင့် ဖြေရှင်းသွားရေး အရေးပါ သည်ကို  နှစ်ဖက် သဘောတူ ခဲ့ကြပြီး ယင်းပြဿနာ များကို ဖော်ထုတ်ရန် မြန်မာ အစိုးရကို ကုလသမဂ္ဂ အနေဖြင့် ပံ့ပိုးကူညီရန် ကမ်းလှမ်းခဲ့ ပါကြောင်း၊ ဤကိစ္စရပ် များကို ဆွေးနွေးရန်နှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရန် အတွက် နယ်ပယ်များကို ဖော်ထုတ်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မေ ၂၉ ရက်တွင် ကျင်းပမည့် ဒေသတွင်း အစည်းအဝေး သို့လည်း မြန်မာ နိုင်ငံမှ ပါဝင် တက်ရောက်ရန် အတည်ပြု ခြင်းကို ကုလသမဂ္ဂ အနေဖြင့် ကြိုဆိုပါကြောင်း။

အန္တရာယ်ရှိသည့် ပင်လယ်တွင်း လှေစီး ထွက်ခွာမှု ဖြစ်ပွားရသည့် အကြောင်းရင်း များနှင့် ရွှေ့ပြောင်း သူများ၏ မူရင်း ထွက်ခွာလာသည့် နိုင်ငံများ၏ အခြေအနေ များကို မီဒီယာများ အနေဖြင့် လွှဲရှောင်ရန် မဖြစ်နိုင်ဘဲ အာရုံစိုက်လျက် ရှိပါကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာကြ သူများ၏ အခြေအနေများ တိုးတက်ရန် ကြိုးပမ်း အားထုတ်မှုများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ ပါကြောင်း ၊ အစိုးရအနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာရ သူများကို ၄င်းတို့၏ မူလနေရာသို့ ပြန်လည် အခြေချ နေထိုင်နိုင်ရေး အတွက် စတင် ဆောင်ရွက်လျက် ရှိပြီး လူမှု အသက်မွေးမှု၊ ကျန်းမာရေး နှင့် ပညာရေး အတွက် အကူအညီများ ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်း ရွှေ့ပြောင်း သွားလာရသူများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အားလုံးအတွက် အကူအညီများ ပေးအပ်ရန် အစိုးရအနေဖြင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုက်အဝန်း တို့ကို မေတ္တာရပ်ခံ ထားပါကြောင်း။

ဤ ကြိုဆိုဖွယ် ကောင်းသည့် တိုးတက်မှုများ ရှိသော်ငြားလည်း ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ရသူ များနှင့် အချို့ မူဆလင် ဘာသာဝင်များ ရင်ဆိုင် နေရသည့် အခြေခံ အခွင့်အရေးများ ငြင်းဆိုခံ ရမှု၊ လွတ်လပ်စွာ သွားလာမှုကို ထိန်းချုပ် ထားမှုတို့ကို ဖြေရှင်းရေး အတွက် ဆောင်ရွက် ရန် များစွာ ကျန်ရှိ နေသေးကြောင်း၊ ရခိုင်ပြည်နယ် တွင်သာမက မြန်မာ နိုင်ငံအတွင်းရှိ အခြားအုပ်စုများ နိုင်ငံသား ဖြစ်မှု၊ အထူးသဖြင့် တရားဝင် အဆင့်အတန်း ရှိမှု ကိစ္စများကို လျင်မြန်စွာဖြင့် အလုံးစုံ ဖြေရှင်းသွားရန် လိုအပ်သည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် အလေးထား ပြောကြား ခဲ့ကြောင်း၊ ဤ အခွင့်အရေး ကိစ္စများကို ဖြေရှင်းရေး အတွက် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းများ အားလုံး အတွက် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများကို လျင်မြန်စွာ တိုးမြှင့် ဆောင်ရွက်ရေး၊ စုပေါင်း အားထုတ် ဆောင်ရွက်မှု ကိုပါ ဆောင်ရွက် သွားရန် လိုအပ်သည်ကို ထပ်လောင်း ပြောကြား ခဲ့ကြောင်း ၊ သို့မှသာ ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှု၊ ချို့တဲ့မှု စသည့် စိန်ခေါ်မှုများ ကို ဘက်စုံပါဝင် ဖြေရှင်းသည့် နည်းလမ်းမှ တစ်ဆင့် ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။

#Themyawadydaily

No comments:

Post a Comment