Pages

Tuesday, May 19, 2015

ကော်ဖီစိုက်ပျိုးသော ဒေသများအနက် ရွာငံဒေသရှိ ကော်ဖီသည် အရည်အသွေး အကောင်းဆုံးဟု သတ်မှတ်ထား



ရန်ကုန် ၊ ၁၉-၅-၂၀၁၅

မြန်မာနိုင်ငံ၌ ကော်ဖီ စိုက်ပျိုးသော ဒေသများမှ ထွက်ရှိသည့် ကော်ဖီစေ့ များကို ရယူကာ အမေရိကန် နိုင်ငံရှိ အရည်အသွေး စမ်းသပ် စစ်ဆေးသော နေရာ၌ သွားရောက် စမ်းသပ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသ၌ စိုက်ပျိုး ထားသော ကော်ဖီသည် အရည်အသွေး အကောင်းဆုံး ဟု သတ်မှတ်ခံရပြီး ပြည်တွင်း၌ ယင်းဒေသ နှင့် ကော်ဖီကိုတွဲ၍ Brand တစ်ခုအနေဖြင့် ရပ်တည်သွား နိုင်ရန် ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် ၏ ပြောပြချက် အရ သိရသည်။

'' ကျွန်တော်တို့ အသင်းအနေနဲ့ ကော်ဖီနဲ့ ပတ်သက်ပြီး မြည်းစမ်းတာတွေ၊ ကော်ဖီ စခူးရင် ဘယ်လို ခူးဆွတ်ရမလဲ ဆိုတာတွေက အစ သင်တန်း အမျိုးမျိုးပေးပြီး Brand တွေ တည်ဆောက်တယ်။ လူတွေသိတဲ့ Brand တစ်ခုလို မြန်မာနိုင်ငံထွက် ကော်ဖီမှာ ဆိုရင်လည်း ရွာငံကော်ဖီ ဆိုပြီး Brand တစ်ခုအနေနဲ့ ဖြစ်လာအောင် ဖန်တီးပြီး လုပ်ဆောင် နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ အသင်းအနေဖြင့် မြန်မာ့ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှုများ၊ အကောင်းဆုံး ကော်ဖီ ရရှိအောင် ခူးဆွတ်၍ ကြိတ်ခွဲမှုများမှ စ၍ ပြည်ပသို့ တင်ပို့ရောင်းချ မှုများ၊ ပြည်ပဈေးကွက် ရရှိစေရန် ဆောင်ရွက်ခြင်း များနှင့် ကော်ဖီစိုက် တောင်သူများအား သင်တန်းပေးခြင်း များကို အမေရိကန် နိုင်ငံ အခြေစိုက် USAID အဖွဲ့အစည်း နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ကော်ဖီပင် များကို ကုန်းမြင့်ဒေသ များနှင့် မြေပြန့်ဒေသ များ၌ပါ မျိုးစိတ်အလိုက် စိုက်ပျိုးကြပြီး အကောင်းဆုံး ကော်ဖီ ထွက်ရှိရန် ကော်ဖီသီး စတင် ခူးဆွတ်ပါက ချယ်ရီရောင် ကဲ့သို့ အနီသီးများကို အဓိက ခူးဆွတ် သင့်ကြောင်း သိရသည်။

ကော်ဖီကို ယခင်က ပြည်ပ တင်ပို့မှု နည်းပါးခဲ့ကာ အများအားဖြင့် နယ်စပ်လမ်းများ မှတစ်ဆင့် တရုတ်နိုင်ငံရှိ ကော်ဖီ ဈေးကွက် သို့သာ တင်ပို့ရောင်းချ ခဲ့ကြသော်လည်း လက်ရှိတွင် တိုင်ဝမ်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့မှ ဝယ်လက်များ ရရှိသဖြင့် အဆိုပါနိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment