Pages

Wednesday, May 20, 2015

နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း များကို လက်ရှိ အနေအထားထက် ပိုမို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ



ဟဲဟိုး ၊ ၂၀-၅-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့ တောင်ဘက် ခြောက်မိုင်အကွာ ဟဲဟိုး - အောင်ပန်းသွား ပြည်ထောင်စု လမ်းမကြီး လက်ယာဘက် သီခေါင် (တီကောင်တောင်) အတက်အနီးရှိ ဗုဒ္ဓေါဇိနော လိုဏ်ဂူကျောင်း အတွင်း၌ လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝဝဝ သက်တမ်းရှိ ကျောက်ခေတ်သစ် Neo-lithic အချိန်မှ ကျောက်ခေတ် လူသားတို့ အသုံးပြုခဲ့သည့် ကျောက်လက်နက်များ၊ ကျောက်ဖြစ် ရုပ်ကြွင်းများ ၊ အရိုးစုများ ၊ တိရစ္ဆာ န် ဦးချိုများ ၊ သွားများနှင့် မေးရိုးများကို တိုက်ခန်းငယ် တစ်ခုဖြင့် စုဆောင်း ပြသထားရာ (ပုံ) လက်ရှိအနေ အထားထက် ပိုမို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေပြီ ဖြစ်သည်။

လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးသူရိယ တရားအားထုတ် တော်မူရာ ဗုဒ္ဓေါဇိနော လိုဏ်ဂူအတွင်း ၁၉၉၁ ခုနှစ်၌ စတင်တွေ့ရှိ ခဲ့ပြီး တောင်ကြီး တက္ကသိုလ် ဘူမိဗေဒ ဌာနမှ အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ တင်သိန်း ဦးဆောင်၍ တွဲဖက် ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက များနှင့် ကျောင်းသား၊ ကျောင်းသူ များက စတင်တူးဖော် ခဲ့ရာ ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အောင်မြင်စွာ တူးဖော် နိုင်ခဲ့ကြောင်း သိရသည်။

အဓိက ရှေးကျောက်ဖြစ် ရုပ်ကြွင်းများကို သုတေသန လုပ်ငန်းများ အရ သုံးမျိုးခွဲခြား နိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း ရှေးအကျဆုံး နှစ်ပေါင်း ခြောက်သိန်း အထက် သက်တမ်းရှိ ရှေးဦး ကျောက်ခေတ် လူသားများ Anyathian Man Culture ကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ မြစ်၏ ကမ်းခုံဆင့်များ ပေါ်တွင် အင်ကြင်းကျောက် Fossil Wood ဖြင့် ပြုလုပ်ထားသော အညာသား ယဉ်ကျေးမှု Anyathian Culture ကျောက်လက်နက် များမှ စတင်၍ ရှေးဦးစွာ တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။

ဒုတိယ သက်တမ်း တစ်သိန်း နှစ်သောင်းကျော် ရှိ ကျောက်ခေတ်ဟောင်း လူသား Palcolithic Man များ၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်သော ရွာငံရှိ ပြဒါးလင်းဂူ တွင် တွေ့ရှိခဲ့ပြီး ယခု ဗုဒ္ဓေါဇိနောမှ သက်တမ်း နှစ် ၆ဝဝဝ ရှိ Neolithic Man ကျောက်ခေတ်သစ် လူသားတို့၏ တစ်ဝက်တစ်ပျက် ရုပ်ကြွင်း များ Semi Fossil ထပ်မံ တွေ့ရှိရခြင်း ဖြစ်သည်။

အဆိုပါဂူကို လေ့လာ မှတ်တမ်း ပြုစဉ်အခါက လိုဏ်ဂူ၏ အနေအထားမှာ ဂူအမြင့်ပေ ၁၂ ပေခန့် နှင့် ဂူအရှည်မှာ ပေ ၆ဝ ခန့်ရှိသည်။ သုတေသန ပြုချက်များအရ လိုဏ်ဂူ အနေအထားသည် ကျောက်ခေတ် လူသားတို့ အတွက် ရန်သူနှင့် ၄င်းတို့ အမဲလိုက်ရန် သားကောင် များကို ကောင်းစွာ မြင်နိုင်သည့် အမြင့်နေရာတွင် တည်ရှိခြင်း၊ လိုဏ်ဂူ၏ အမိုးတွင် မိုးရေယိုစီးကျ နိုင်သည့် မြေကျွံပေါက် Sink hole မရှိ၍ အမိုးနှင့်အကာ လုံခြုံမှု ရှိခြင်း၊ လိုဏ်ဂူအတွင်း လေဝင် လေထွက် ကောင်းစွာရခြင်း၊ အလင်းရောင် ကောင်းစွာရခြင်း၊ လိုဏ်ဂူအောက် ပေ ၃ဝဝ ခန့် အနက်ပိုင်းတွင် တစ်ချိန်က သောက်သုံးရန် အတွက် လုံလောက်မည့် ပမာဏ ရှိမည့် ရေအိုင်ကြီး ရှိခဲ့ခြင်း စသည့် ခိုင်လုံသော ခန့်မှန်းချက် များဖြင့် အတည်ပြု နိုင်ခဲ့သည် ဟု ဆိုသည်။

ကျောက်ခေတ်သစ် အချိန်ကာလ ၌ တုတ်ချောင်း များတွင် တပ်ဆင် အသုံးပြု ခဲ့သော စူးထိုး၊ စိုက်ပျိုးရေး သုံးများ၊ ကျောက်တုံး လက်နက် Pebble များ၊ လက်ကိုင်ရိုးတပ် တူအဖြစ် ထုရိုက် စရာများ၊ အချို့ ကျောက်ကွင်း Stone Ring များမှ နွယ်ကြိုးဖြင့် ချည်နှောင်ကာ ရန်သူနှင့် အမဲလိုက် ရာတွင် အသုံးပြု ခဲ့ကြကြောင်း ခန့်မှန်းခဲ့ ကြသည်။ အဆိုပါ ကျောက်လက်နက် များကို သဲကျောက် Sand Stone ၊ သဲမှုန်ကျောက် Silt Stone နှင့် သလင်းကျောက် Quartizite များဖြင့် ပြုလုပ် ထားကြောင်း မှတ်တမ်းပြု ထားသည်ကို လေ့လာ သိရှိရသည်။

အထက်ပါ တွေ့ရှိခဲ့သည့် ကျောက်ဖြစ် ရုပ်ကြွင်းများ၏ တစ်စိတ် တစ်ဒေသ များကို နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက် နှင့် ရန်ကုန် တက္ကသိုလ် မနုဿဗေဒ ဌာနတို့၌ ပြသ ထားရှိကြောင်း သိရသည်။ လက်ရှိ ဗုဒ္ဓေါဇိနော လိုဏ်ဂူ အနီး အဆောက်အအုံ ငယ်အတွင်း စုဆောင်း ပြသထားသည့် အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းများမှာ စနစ်တကျ ထိန်းသိမ်းရန် အားနည်းချက်များ ရှိရာ ယခုအတိုင်း ဆက်လက် ထားရှိမည် ဆိုပါက ပျက်စီးဆုံးရှုံး သွားနိုင်ကြောင်း သိရသည်။

အဆိုပါ အခြေအနေမှ နိုင်ငံတော် အတွက် အဖိုးမဖြတ် နိုင်သည့် ယဉ်ကျေးမှု နယ်မြေ သမိုင်းပြတိုက် တစ်ခုအဖြစ် ဖန်တီး ပေးနိုင်မည် ဆိုပါက ရှမ်းပြည်နယ် (တောင်ပိုင်း) ၏ ခရီးသွား အရင်းအမြစ်များ ရှိရာ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ အောင်ပန်း တို့နှင့် အလှမ်းမကွာ လှသော ခရီး အကွာအဝေး အတွင်း တည်ရှိခြင်း ဖြစ်သဖြင့် လာရောက် လည်ပတ်လျက် ရှိနေသည့် ပြည်တွင်း ပြည်ပ သုတေသီများ၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များအတွက် အထူး စိတ်ဝင်စား စရာ နေရာသစ် တစ်ခု တိုးလာမည် ဖြစ်ကာ ဒေသတွင်း ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုး စေရန် အတွက်လည်း အထောက်အကူ ကောင်းတစ်ခု ဖြစ်လာ နိုင်သောကြောင့် အချိန်မီ ထိန်းသိမ်း စောင့်ရှောက်ရန် အထူးပင် လိုအပ်နေပြီ ဖြစ်ကြောင်း ဒေသခံလူထုမှ ပြောပြသည်။ (၁၇၅)

#Yadanarpondaily

No comments:

Post a Comment