Pages

Friday, May 22, 2015

ရတနာလုပ်ငန်း လုပ်ကိုင်သူများကို လိုင်စင်နှစ်မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိ



မန္တလေး ၊ ၂၂-၅-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ၌ ရတနာလုပ်ငန်း လုပ်ကိုင်သူ များကို လိုင်စင် နှစ်မျိုးဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း ကျောက်မျက် တူးဖော်ရေး ဌာန (မန္တလေး)မှ ဒုတိယ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး ထံမှ သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းတွင် အဓိက လုပ်ငန်းကြီး နှစ်ရပ်ဖြစ်သည့် လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း ရတနာ နယ်မြေတွင် ကျောက်စိမ်း တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းနှင့် မိုးကုတ်၊ မိုင်းရှူး ရတနာ နယ်မြေတွင် ကျောက်မျက် တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းတို့ ဖြစ်ကြကြောင်း ၊ မန္တလေးမြို့သည် ကျောက်စိမ်း ၊ ကျောက်မျက် လုပ်ငန်းများ၏ ဗဟိုချက် ဖြစ်သောကြောင့် မန္တလေးတိုင်း ဒေသကြီး ၌ ရတနာ လုပ်ငန်း လုပ်ကိုင်သူ များကို လက်ဝတ် ရတနာနှင့် ကျောက်စိမ်း ရုပ်တု ရုပ်ထွင်းများ ရောင်းချခြင်း လိုင်စင် (ရတနာဆိုင် လိုင်စင်) နှင့် ကျောက်စိမ်း အရိုင်းများကို ဖြတ်၊ သွေး အချောထည် လုပ်သည့် လုပ်ငန်းငယ်များ အတွက် (အချောထည် လိုင်စင်) ဟူ၍ လိုင်စင် နှစ်မျိုးကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ လိုင်စင်တို့မှ ရတနာဆိုင် လိုင်စင်အတွက် တစ်နှစ်လျှင် ငွေကျပ် ၅ဝဝဝဝ နှင့် အချောထည် လိုင်စင်အတွက် တစ်နှစ်လျှင် ငွေကျပ် ၃ဝဝဝဝ တို့ကို လိုင်စင်ကြေး အဖြစ် နိုင်ငံတော် အတွက် အခွန်ငွေ ပေးဆောင် ရကြောင်း၊ လိုင်စင်အတွက် သက်တမ်းတိုး လိုလျှင် အများဆုံး သုံးနှစ်ထိသာ သက်တမ်းတိုး ရမည် ဖြစ်ကြောင်း၊ လိုင်စင် ပြုလုပ်ထားပြီး သူများသည် မိမိအိမ်၌ပင် ရတနာ ပစ္စည်းများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ကျင်းပ ပြုလုပ်သည့် ပွဲ တက်ရောက်ခွင့်၊ ရတနာ ပွဲများ တင်ပြ ရောင်းချခွင့်၊ ဝယ်ယူခွင့်တို့ ရရှိမည် ဖြစ်ကြောင်း၊ လိုင်စင် ပြုလုပ်ထားခြင်း မရှိဘဲ ကျောက်မျက် ရတနာ လုပ်ငန်း လုပ်ကိုင် လိုလျှင် မည်သည့်နေရာ တွင်မဆို ကျောက်မျက် ရတနာများ ကိုင်တွယ်၊ သယ်ဆောင်၊ ရောင်းဝယ်မှု ပြုလုပ်ခြင်းကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်မှ တွေ့ရှိလျှင် ကျောက်မျက် ရတနာ ဥပဒေနှင့် အညီ အရေးယူ ခံရမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်မင်း

#Yadanarpondaily

No comments:

Post a Comment