Pages

Thursday, May 7, 2015

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ၌ ကြက်ခြေနီတံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် စစ်ဆေးမှုများပြုလုပ်မည်



ရန်ကုန် ၊ ၇-၅-၂ဝ၁၅

ကြက်ခြေနီ အမှတ်တံဆိပ် နှင့် လူနာတင်ယာဉ် များကို အသုံးပြု၍ တရားမဝင် လုပ်ငန်းများ လုပ်ကိုင် လာသောကြောင့် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များ၌ ကြက်ခြေနီ တံဆိပ် အသုံးပြုခြင်း နှင့် ပတ်သက်၍ အသိပညာ ပေးခြင်းနှင့် စစ်ဆေးခြင်း တို့ကို ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''အခုနောက်ပိုင်း ကြက်ခြေနီ အမှတ်တံဆိပ်နဲ့ လူနာတင်ယာဉ် တွေကို အသုံးပြုပြီး အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး နဲ့ ကျွန်းသစ် တွေကို တရားမဝင် လုပ်ကိုင် လာကြတယ်။ ပြီးတော့ လိုင်စင်မဲ့ ယာဉ်တွေ၊ နံပါတ်အတု ယာဉ်တွေနဲ့ လိုင်စင် မရှိတဲ့ ယာဉ်မောင်း တွေကို တွေ့ရတယ်။ ကြာလာရင် ကြက်ခြေနီရဲ့ ဂုဏ်သိက္ခာကို ထိခိုက် လာနိုင်တယ်။ ပြီးတော့ တခြား ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ကြက်ခြေနီ တပ်ဖွဲ့အနေနဲ့ အသိပညာ ပေးခြင်း၊ တခြား သက်ဆိုင်ရာ တွေအနေနဲ့ စစ်ဆေး အရေးယူခြင်း တွေကို ပြုလုပ်တာပါ'' ဟု ရန်ကုန်တိုင်း ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ အသိပညာ ပေးခြင်း၊ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ရာတွင် ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းနှင့် ပတ်သက်၍ ကြက်ခြေနီ တပ်ဖွဲ့မှ အသိပညာ ပေးခြင်း၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များနှင့် ပတ်သက်၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူခြင်း၊ တရားမဝင် ကုန်ပစ္စည်း များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူခြင်း တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''အရေးပေါ် အချက်ပြမီး ဖွင့်ပြီး မောင်းလာတဲ့ လူနာတင်ယာဉ် တွေကို တားဆီး စစ်ဆေးဖို့ ဆိုတာ အခက်အခဲ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ အရေးပေါ် အချက်ပြမီး ဖွင့်ပြီး မောင်းလာတဲ့ လူနာတင်ယာဉ်ကို လမ်းကြောင်း ရှင်းလင်းရေးတောင် ပိုပြီး ဆောင်ရွက်ပေးတယ်။ ဒါကို အခွင့်ကောင်း ယူပြီး တချို့စီးပွားရေး သမားတွေက တရားမဝင် ပစ္စည်းတွေ သယ်ဆောင် လာကြတယ် '' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး မြင့်အောင် က ပြောသည်။

၁၉၄၉ ခုနှစ် ဂျီနီဗာ သဘောတူချက် များတွင် ပါရှိသော ပြဋ္ဌာန်းချက်များ အရ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီ အသင်းများ၊ ဖက်ဒရေးရှင်း (IFRC) အမျိုးသား ကြက်ခြေနီ အသင်းများနှင့် တပ်မတော် ဆေးတပ်ဖွဲ့ များသာလျှင် ကြက်ခြေနီ အမှတ်အသားကို အသုံးပြုခွင့် ရှိကြောင်း သိရသည်။

ဇာနည်မောင်

#Themyawadydaily

No comments:

Post a Comment