Pages

Tuesday, April 28, 2015

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ILO ပူးပေါင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၂၈-၄-၂၀၁၅

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးနှင့် ပတ်သက်၍ ILO နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ထိုင်းအစိုးရ အနေဖြင့် တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြား အလုပ်သမား များကို ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည့် အတွက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအနေဖြင့် ILO နှင့် ပူးပေါင်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ ရောက်နှင့်ပြီး သူများအတွက် တရားဝင် နေထိုင်ခွင့် လမ်းကြောင်းပေါ် ရောက်နိုင်ရေး မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

''ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်မယ့် သူတွေအတွက် တရားဝင် လမ်းကြောင်းကနေ သွားဖို့ အသိရှိလာအောင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO နဲ့အစိုးရတို့ ပူးပေါင်းပြီး အလုပ်သမား၊ အခွင့်အရေးတွေ အကြောင်း သင်တန်းတွေ ပို့ချပေးတာမျိုး ဆောင်ရွက်နေပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် က ပြောပြသည်။

ထို့ပြင် ILO နည်းပညာ ဆိုင်ရာ အရာရှိ Jackie Pollock  က ''ပြည်ပထွက်ပြီး အလုပ်လုပ်လိုသူ တွေအနေနဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေး တွေကို နားလည်ပြီး တရားဝင် လမ်းကြောင်း တွေကနေသာ ပြည်ပကို ထွက်ခွာအလုပ် လုပ်ကိုင်ချင်လာအောင် ဆောင်ရွက်ပါမယ်'' ဟု ၄င်းက ထပ်မံ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်၊ မလေးရှား နိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား တစ်သန်းခန့် ရောက်ရှိ နေကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment