Pages

Sunday, April 12, 2015

တနင်္သာရီတိုင်းဒေသကြီးရှိ သဘာဝကျွန်းစုများ ရေရှည်တည်တံ့ရန် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၁၂-၄-၂ဝ၁၅

မြန်မာနိုင်ငံ၏ ခရီးသွားဒေသ တစ်ခုဖြစ်သော တနင်္သာရီတိုင်း ဒေသကြီးရှိ သဘာဝ ကျွန်းစုများတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပြီး သန္တာ ကျောက်တန်းများ ထိန်းသိမ်းရန်၊ ကျွန်းများတွင် အမှိုက် စွန့်ပစ်သည့် စနစ်များ ပြုပြင်ရန်၊ ခရီးသွားလုပ်ငန်း နှင့် ဒေသခံများ ဆက်စပ်အကျိုး ဖြစ်ထွန်းရန် အတွက် စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပင်လယ်ပြင် သယံဇာတများ ပေါကြွယ်ဝရာ မြိတ်ကျွန်းစု ၌ ငါးများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ တရုတ်ဆွဲပိုက်များ အသုံးပြု ဖမ်းဆီးခြင်း၊ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ၍ တရားမဝင် ဖမ်းဆီးမှု များကြောင့် ငါးမျိုးစိတ်များ လျော့နည်းလာပြီး သန္တာ ကျောက်တန်း များနှင့် ပင်လယ်မြက်များ ထိခိုက် ပျက်စီးလျက် ရှိကြောင်း မြိတ်ကျွန်းစု တွင် သုတေသန ပြုလုပ် နေသူများက ပြောသည်။

ထိုသို့ ငါးများ ခိုအောင်းရာ သန္တာ ကျောက်တန်းများ၊ ကျောက်ဆောင် များတွင် လွန်ခဲ့သည့် ဆယ်နှစ် ဝန်းကျင်က ငါးဖမ်းဆီးသူ များက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ရာမှ ယခုအခါတွင် ဒေသခံများ ကပါ ပြုလုပ် လာကြခြင်း ဖြစ်ပြီး မြိတ်ကျွန်းစု နေရာ အများအပြားတွင် သန္တာ ကျောက်တန်းများ ပျက်စီးနေကာ ရှားပါးစာရင်းဝင် ငါးမန်းများလည်း မျိုးသုဉ်း ပျောက်ကွယ် လာကြောင်း သိရသည်။

လက်ရှိတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO များ၊ ဒေသခံများနှင့် ခရီးသွား လုပ်ငန်းရှင်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များကို လေးလတစ်ကြိမ် ပြုလုပ်လျက် ရှိကာ ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဒေသခံများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပညာပေးခြင်း နှင့် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းတို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြိတ်ကျွန်းစုများ အတွင်းမှ သန္တာ ကျောက်တန်းများ ကောင်းမွန်လျက် ရှိနေသေးသည့် လငန်းကျွန်းကို နိုင်ငံတကာ သားငှက် တိရစ္ဆာန် နှင့် အပင်များ လေ့လာရေးအဖွဲ့ FFI မှ အဏ္ဏဝါကာကွယ် ရေပြင်ဧရိယာ ပြုလုပ်၍ သန္တာ ကျောက်တန်းများ၊ ငါးသယံဇာတ များကို ဒေသခံများ ကိုယ်တိုင် လေ့လာစေ၍ ထိန်းသိမ်းရေး ဇုန်များ သတ်မှတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည့် မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ရှစ်ရာကျော်ရှိပြီး သန္တာကျောက်တန်း မျိုးစိတ်ပေါင်း လေးရာကျော် ရှိကာ နိုင်ငံခြား ခရီးသွား ဧည့်သည် များက Scuba Diving ဖြင့် ရေငုပ်၍ ရေအောက် အလှအပများ လေ့လာခြင်းကို စိတ်ဝင်စား ကြသည့်အတွက် အဆိုပါဒေသတွင် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီပေါင်း ရှစ်ဆယ်ကျော် ရှိကြောင်း သိရသည်။

No comments:

Post a Comment